ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းကတော့ ဒီအပတ်ရဲ့ အစောဆုံးပွဲအဖြစ် ဝုဗ်ကို အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ယူပြီး အမှတ်ပေးဇယား ထိပ်ဆုံးကို တက်သွားခဲ့ပါပြီ။
လီဗာပူးအသင်းဟာ နိုင်ငံတကာသီတင်းပတ်ကြောင့် ပွဲပန်းနေတဲ့ တောင်အမေရိကသားတွေနဲ့ ဗျာများနေခဲ့တာပါ။ မက်ကယ်လစ္စတာနဲ့ အယ်လီဆန်ကို ပွဲထွက်လူစာရင်းထဲ ထည့်ခဲ့ပေမယ့် ဒါဝင် နူးညက်စ်နဲ့ ဒီယက်စ်တို့ကို အရန်စာရင်းမှာ ထားပြီး ခံစစ်က လူငယ်ခံစစ်မှူး ကွမ်းဆက် ပါဝင်လာခဲ့ပါတယ်။
ပွဲစကတည်းက ကြံ့ခိုင်မှုပိုင်း အားပျော့နေတဲ့ လီဗာပူးအသင်းဟာ ဝုဗ်ရဲ့ လွှမ်းမိုး ကစားမှုကြောင့် အတော်လေး ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့ပါတယ်။ အာဂျင်တီးနားနဲ့အတူ ပွဲပန်းထားတဲ့ မက်ကယ်လစ္စတာ လူပေးတာတွေ ဆက်တိုက် မှားနေသလို ခံစစ်ကလည်း ရုပ်မထွက်ခဲ့ပါဘူး။
ဝုဗ်အသင်းက လီဗာပူးခံစစ်ရဲ့ အားနည်းတဲ့ ညာခြမ်းနေရာကို အားပြုပြီး ခပ်စောစော ဂိုးယူခဲ့ပေမယ့် ဒုတိယပိုင်းမှာ မက်ကယ်လစ္စတာ နေရာ ဒီယက်စ် ဝင်လာပြီးတည်းက လီဗာပူးရဲ့ပွဲ ဖြစ်သွားခဲ့ပါတယ်။
တိုက်စစ်သမား တစ်ဦး ပိုလာခြင်းနဲ့အတူ လီဗာပူးရဲ့ တိုက်စစ် တွဲလုံးတွေကော တစ်ကိုယ်တော် ဖောက်ချက်တွေကပါ စတင် အသက်ဝင်လာခဲ့တယ်။ ဂက်ပို ခြေပဂိုး သွင်းပြီးနောက် ဒါဝင် နူးညက်စ်နဲ့ လူစားလဲပြီးချိန်မှာ လီဗာပူးအသင်း တိုက်စစ်က ပိုပြီး အန္တရာယ် ရှိလာခဲ့ပါတယ်။
200th Premier League appearance for Liverpool ✅
Captain ✅
86th minute go-ahead goal ✅
What a day for Andy Robertson ? pic.twitter.com/Ezl0QCoVNw
— B/R Football (@brfootball) September 16, 2023
ညာခြမ်းက ဆာလာဟာ ကိုယ်တိုင် ဂိုးသွင်းဖို့ထက် တိုက်စစ်ပိုင်း ဖန်တီးရှင်လို ပြောင်းလဲသွားပြီး လီဗာပူးအသင်းရဲ့ သွင်းဂိုးတိုင်းဟာ သူ့ထံကနေ လာခဲ့တာကို မြင်ရပါလိမ့်မယ်။ ခြေပဂိုးရဖို့ ခက်ခဲခဲ့ပေမယ့် ရော်ဘတ်ဆန်၊ ဆာလာ တွဲလုံးကနေ ဒုတိယဂိုး ရရှိခဲ့တယ်။
အချိန်ပိုမှာ ဟာဗေး အယ်လီးယော့က တတိယဂိုး ထပ်သွင်းခဲ့ပြီး ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ဒီရာသီမှာ အဆိပ်ပြင်းတဲ့ အသင်းဆိုတာကို သက်သေထူးသွားခဲ့ပြီ ဖြစ်ပါတယ်။
