လာဗီယာ၊ အမရာဘတ်၊ ဖာဂူဆန် အပါအဝင် နိုင်ငံတကာ သီတင်းပတ်မှာ ဒဏ်ရာရသွားကြသူများ

ပရီးမီးယားလိဂ်မှာ ကစားသမား အချို့ဟာ နိုင်ငံတကာ သီတင်းပတ်မှာ ဒဏ်ရာ ပြဿနာသစ်တွေ ရသွားခဲ့ကြပါတယ်။ ၎င်းကစားသမားတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

လာဗီယာ

ချယ်ဆီးအသင်းရဲ့ ဒီနွေ ခေါ်ယူမှု အသစ် ဖြစ်တဲ့ ကွင်းလယ် ကစားသမား လာဗီယာ ဟာ ကလပ်နဲ့အတူ ထရိန်နင် ပြန်ဆင်းရင်း ခြေကျင်းဝတ် ဒဏ်ရာ ရသွားပါတယ်။ ဒဏ်ရာက ကြွက်သားထိသွားတာလည်း ဖြစ်နိုင်ပြီး ဘယ်လောက် ကြာအောင် နားရမလဲ ဆိုတာ မသိရသေးပါဘူး။

အမ်မရာဘတ်

မော်ရိုကို အသင်းနဲ့ အတူ နိုင်ငံပွဲတွေ အတွက် သွားရောက် ပူးပေါင်းခဲ့တဲ့ အမ်မရာဘတ်ဟာ လက်ရွေးစင် အသင်းကနေ နှုတ်ထွက်လိုက်ပါပြီ။ ယူနိုက်တက်နဲ့ ဆေးစစ်စဉ်တည်းက ဒဏ်ရာ ရှိနေခဲ့တာ ဖြစ်ပြီး ဒဏ်ရာ ပြင်းထန်လို့လား၊ အာဖရိက ပြိုင်ပွဲဝင်ခွင့်ရထားပြီး ဖြစ်တဲ့ မော်ရိုကို အသင်းက ကြို သတိထားတဲ့ အနေနဲ့ ကစားသမားကို ပြန်နားခိုင်းလိုက်တာလား မသဲကွဲသေးပါဘူး။

အီလီယက် အန်ဒါဆန်

နယူးကာဆယ် ကွင်းလယ်တိုက်စစ်သမား အန်ဒါဆန် ဟာ ဒဏ်ရာကြောင့် စကော့တလန် အသင်းကနေ နှုတ်ထွက် ပြန်လာရပြီ ဖြစ်ပါတယ်။ နိုင်ငံတကာ သီတင်းပတ် အပြီး ဘရန့်ဖို့ဒ်နဲ့ ပွဲ အမှီ အန်ဒါဆန် ပြန်ကောင်းလာဖို့ကိုတော့ နယူးကာဆယ်က မျှော်လင့်နေပါတယ်။

ထရန့်

လီဗာပူး ညာအစွန်လူ ထရန့်ဟာ နိုင်ငံတကာသီတင်းပတ် မတိုင်ခင် နောက်ဆုံးပွဲဖြစ်တဲ့ အက်စတွန်ဗီလာကို အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရခြင်းဖြစ်ကာ ၃ ပတ် ဝန်းကျင် ဘောလုံးကစားနိုင်မှာ မဟုတ်ပါဘူး။

ဖာဂူဆန်

လောလောလတ်လတ် ဟက်ထရစ် သွင်းထားတဲ့ ဘရိုက်တန် တိုက်စစ်သမား အီဗန် ဖာဂူဆန်ဟာ နိုင်ငံတကာသီတင်းပတ်မှာ အိုင်ယာလန် လူစာရင်းအတွက် ရွေးချယ်ခံထားရပေမယ့် ဒဏ်ရာကြောင့် နှုတ်ထွက်သွားခဲ့ပါတယ်။