လီဗာပူးအသင်းဟာ ခြေထက်နေတဲ့ အက်စတွန်ဗီလာကို အန်ဖီးကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ပြီး ၃-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။
ဒီရာသီမှာ လီဗာပူးဟာ အာဆင်နယ်လောက် ထည့်တွက်မခံရပေမယ့် သူတို့ရဲ့ လူစာရင်းဟာ အတော်လေး တောင့်တင်းနေဆဲဖြစ်ပါတယ်။ တိုက်စစ်မှာ ဒီယက်စ်၊ ဆာလာ၊ နူးညက်စ်တို့ကို ထုတ်လာခဲ့ပြီး ဂက်ပို၊ ဂျိုတာတို့ အရန်မှာပဲ ရှိနေခဲ့ပါတယ်။ ကွင်းလယ်မှာဆိုရင် အန်ဒို၊ ဂရာဗင်ဘက်ချ်တို့ကို မသုံးသေးပါဘူး။
အက်စတွန်ဗီလာဟာ သူတို့ရဲ့ အတောင့်တင်းဆုံး လူစာရင်းကို ထုတ်လာခဲ့ပေမယ့် လီဗာပူးတို့ ဂိုးသွင်းနိုင်ရေး အခွင့်အရေးရဖို့ အချိန်သိပ်မယူခဲ့ရပါဘူး။ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတာကို ဆိုဘိုစလိုင်က ဧရိယာထိပ်ကနေ ပိတ်သွင်း ရယူခဲ့ပါတယ်။
တိုက်စစ်မှူး နူးညက်စ်က အခွင့်အရေးတွေကို ဖြုန်းတီးပေမယ့်လို့ သူကြောင့်ပဲ လီဗာပူးတိုက်စစ်က အတော်လေး အန္တရာယ်ကြီးမားပါတယ်။ ဆာလာ အရင်ကလောက် မပြေးလွှားနိုင်ချိန် နူးညက်စ်ရဲ့ ပြေးနှုန်းတွေဟာ ဗီလာ ခံစစ်ကို မကြာခဏ ဖရိုဖရဲဖြစ်စေခဲ့တယ်။
ဒုတိယသွင်းဂိုးဟာ နူးညက်စ်နဲ့ ဆာလာ တွဲဘက်မှုပဲရခဲ့တာဆိုပေမယ့် တိုင်ထိထွက်လာတာကို ဗီလာဘက်က OG သွင်းယူမိခြင်း ဖြစ်ပါတယ်။ လီဗာပူး ကွင်းလယ်ဟာ ဆိုဘိုစလိုင်နဲ့ မက်ကယ်လစ္စတာတို့ကြောင့် မနှစ်ကနဲ့မတူ အတော်လေး တည်ငြိမ်လာပါတယ်။
ဒုတိယပိုင်းမှာလည်း ထောင့်ကန်ဘောကနေ နူးညက်စ် ခုန်တိုက်ရာက ကျလာတဲ့ ဘောလုံးကို ဆာလာ ပိတ်သွင်းခဲ့ပါတယ်။ ဗန်ဒိုက်၊ ကိုနတေးတို့ မပါနိုင်ပေမယ့် လီဗာပူးခံစစ်က ဒီပွဲမှာ အတော်လေး တည်ငြိမ်ခဲ့ပြီး ဗီလာတို့ ဘာမှ မလုပ်နိုင်သလောက်ပါပဲ။
ဒီနိုင်ပွဲနဲ့အတူ ကလော့ပ်ရဲ့ လီဗာပူးဟာ ၄ ပွဲကစား ၃ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၁၀ မှတ်ဖြင့် မန်စီးတီးကို နောက်ကနေ လိုက်လံ ဖိအားပေးနေဆဲပဲ ဖြစ်ပါတယ်။
