တစ်ရာသီတည်း အဝါကဒ် အကြိမ် ၂၀ ပြခံထားရတဲ့ အမရာဘတ်ကို ဖာဒီနန် အရေးကြီး သတိပေး

ရီယို ဖာဒီနန်က အမရာဘတ်ရဲ့ စည်းကမ်းပိုင်းဆိုင်ရာ မှတ်တမ်းဆိုးကို စိတ်ပူနေပြီး ပရီးမီးယားလိဂ်မှာ ခပ်မြန်မြန် အထိုင်ကျလာရေး အာရုံစိုက် ကစားဖို့ တောင်းဆိုလိုက်ပါတယ်။

အမရာဘတ်ဟာ ရုပ်ပိုင်းဆိုင်ရာကို အားပြုကစားတတ်သူဖြစ်ပြီး မနှစ်ကရာသီ ကလပ်နဲ့ လက်ရွေးစင်အသင်းတွေအတွက် ကစားစဉ် အကြိမ် ၂၀ ထိ အဝါကဒ် ပြသခံခဲ့ရတာကြောင့် ဂရုစိုက်ကစားဖို့ လိုအပ်ကြောင်း သတိပေးခဲ့တယ်။

ဖာဒီနန်က ‘ ကစားသမားတိုင်း အထိုင်ကျဖို့ လိုပါတယ်။ အမရာဘတ်က မြန်မြန်ဆန်ဆန် အထိုင်ကျမယ်ဆိုရင် သူအဆင်ပြေမှာပါ။ ပရီးမီးယားလိဂ်ဟာ စီးရီးအေထက် ပိုမြန်မြန် ကစားတဲ့လိဂ် ဖြစ်ပါတယ်။

အမရာဘတ်က လက်ရွေးစင်အဆင့် ကစားသမားဖြစ်လို့ အသိတရားရှိရှိနဲ့ သူ အာရုံစို်က်ရမှာတွေကို သတိပြုမိဖို့ မျှော်လင့်ပါတယ်။ ” လို့ သတိပေးပါတယ်။

မနှစ်ကနွေမှာ မန်ချက်စတာ ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ်ကနေ ကာဆီမီရိုကို ခေါ်ယူခဲ့ပါတယ်။ ဘရာဇီးကွင်းလယ်လူဟာ လာလီဂါကနေ ပရီးမီးယားလိဂ်ထံ ပြောင်းလာချိန်မှာ ကွင်းလယ်ဒိုင်တွေရဲ့ တင်းကြပ်တဲံ စည်းကမ်းပိုင်း ကွပ်ကဲမှုကို ရင်ဆိုင်ခဲ့ရပါတယ်။

‘ ကာဆီမီရိုလို ကစားသမား မနှစ်ကရာသီမှာ ပွဲအနည်းငယ် မကစားနိုင်ခဲ့ပါဘူး။ သူ့ရဲ့ စည်းကမ်းပိုင်း အားနည်းမှုကြောင့် ပွဲအချို့ လွဲခဲ့တာပါ။ ဒါကြောင့် ကာဆီမီရိုက အမရာဘတ်ကို လမ်းကြောင်းမှန်ကို ညွှန်ပြပေးနိုင်လောက်ပါတယ် ’ လို့ ဖာဒီနန်က ပြောဆိုသွားတာ ဖြစ်ပါတယ်။