ဘယ်ပြိုင်ဘက် လာလာ ရင်ဆိုင်ပြီး ချန်ပီယံလိဂ်ဖလား ယူမယ်လို့ ကြွေးကြော်တဲ့ ဘစ်ဆာကာ

ချန်ပီယံလိဂ်ရဲ့ အုပ်စုအဆင့် မဲခွဲမှုတွေကတော့ ဒီနေ့ ကြာသပတေးနေ့ ညနေမှာ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက် နောက်ခံလူ ဝမ်ဘစ်ဆာကာ ကတော့ ဥရောပ ထိပ်တန်း ပြိုင်ပွဲ တစ်ခု ဖြစ်တဲ့ ချန်ပီယံလိဂ်မှာ ပြန် ပါဝင်ခွင့် ရတဲ့ အပေါ် စိတ်လှုပ်ရှား ကျေနပ်နေပြီး ဖလားရဖို့ထိ ကြိုးစားမယ့် အကြောင်း ယူနိုက်တက် ဝက်ဘ်ဆိုဒ်ကနေ အင်တာဗျူး ဖြေကြားသွားခဲ့ပါတယ်။

” ကျနော်တို့ ရင်ခုန်နေပါတယ်။ ဒီပြိုင်ပွဲ ဆိုတာ ကျနော်တို့ ကလပ် အသင်း ပါကို ပါဝင်ရမယ့် ပြိုင်ပွဲမျိုး ဖြစ်ပြီး ဒီနှစ် ပါဝင်ခွင့် ရခဲ့ပြီ။ ဒီတော့ ဒီပြိုင်ပွဲမှာ အနိုင်ယူ ဆုဖလား ဆွတ်ခူးဖို့ထိ ကျနေ်ာတို့ ရည်မှန်း ကြိုးစားသွားမှာပါ။” လို့ ဘစ်ဆာကာက ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အုပ်စုအဆင့် မဲခွဲမှု အတွက် မဲအိုး ၂ မှာ ကျရောက်နေပြီး မဲအိုး ၁ မှ ဘာစီလိုနာ၊ ဘိုင်ယန်၊ ပီအက်စ်ဂျီ စတဲ့ ထိပ်သီး အသင်းတွေနဲ့လည်း တစ်အုပ်စုတည်း ကျနိုင်ခြေ ရှိနေပါတယ်။

ဒီည မဲခွဲပွဲနဲ့ ပတ်သတ်ပြီးလည်း အင်္ဂလန်သားက ” ဘယ်ပြိုင်ဘက်ပဲ လာလာဖို့ ကျနော်တို့က ရင်ဆိုင်ပစ်လိုက်မှာပဲ။ ဒီလိုပဲ ခံယူသင့်တယ် လို့လည်း ကျနော် မြင်တယ်။ ဘယ်ပွဲမှတော့ လွယ်ကူမှာ မဟုတ်ဘူး။ ဒါပေမယ့် ပွဲကန်ရမယ် ဆိုရင်သာ အသင့် ဖြစ်နေဖို့ ပြင်ဆင်ထားရမှာပါ။ ” လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်နဲ့ အတူ မဲအိုး ၂ ထဲမှာ ရှိနေပြီး ရှောင်နိုင်မယ့် အသင်းတွေကတော့ ရီးရဲလ်၊ အက်သလက်တီကို၊ အာဆင်နယ်၊ အင်တာ၊ ဒေါ့မါန်၊ လိုက်ပ်ဇစ်နဲ့ ပေါ်တို အသင်းတို့ ဖြစ်ပါတယ်။