လူတန်တောင်းကို အနိုင်ရတဲ့ပွဲမှာ အထူး ခြေစွမ်းပြခဲ့တဲ့ ကစားသမားကို ကာရေဂါ ချီးကျူး

ချယ်ဆီးအသင်းဟာ မနေ့ညက တန်းတက် လူတန်တောင်း အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရာ ၃-ဝ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ထိုပွဲမှာ တိုက်စစ်သမား ရာဟင်း စတားလင်းက ချယ်ဆီးအတွက် နှစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။

စတားလင်းဟာ ပထမပိုင်းမှာ ချယ်ဆီးအတွက် ဦးဆောင်ဂိုး စသွင်းပေးခဲ့ပါတယ်။ ဒုတိယပိုင်း ၆၈ မိနစ်မှာလည်း ဒုတိယဂိုး သွင်းယူခဲ့သေးပြီး တတိယ ဂိုးကတော့ နစ်ကိုးလပ်စ် ဂျက်ဆန်က သွင်းယူခဲ့တာပါ။ ဂျက်ဆန်ရဲ့ သွင်းဂိုး အတွက်လည်း စတားလင်းက assist လုပ်ပေးခဲ့ပါသေးတယ်။

စကိုင်းစပေါ့ သုံးသပ်သူ ကာရေဂါ က ” စတားလင်းရဲ့ ကကွက်တွေ ပြန်မြင်နေရပြီ။ ပြီးခဲ့တဲ့ အပတ်တည်းက သူ အကောင်းဆုံး ပုံစံ ပြန်ရနေတာ၊ ဒီပွဲကျ ပိုပြီး သိသာသွားတာပေါ့။ အခုမှ တကယ့် စတားလင်းကို ချယ်ဆီး ဝတ်စုံနဲ့ မြင်ရတော့တယ်။” လို့ ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

လူတန်နဲ့ ပွဲမစတင်ခင်ကလည်း ကာရေဂါက ” ရာဟင်း (စတားလင်း) အပေါ် ဝေဖန်မှုတွေက အနည်းနဲ့ အများ ဆိုသလို အမြဲ ရှိပါတယ်။ သူက အကောင်းဆုံး အဆုံးသတ်သူ မဟုတ်ဘူး။ ဂိုးပေါက်ဆီ ကောင်းကောင်း ကန် မသွင်းနိုင်ဘူးပေါ့။

ဒါပေမယ့် သူ့ရဲ့ မန်ချက်စတာ စီးတီးက ကာလကို ပြန်ကြည့်ပါ။ သူ အဲဒီကနေ ထွက်လာသည်ထိ လုပ်ဆောင်ခဲ့တဲ့ အချက်အလက်တွေက ပက် ဂွာဒီယိုလာ အသင်းမှာ သူ့ထက် ပိုလုပ်ပြနိုင်မယ့် သူ ဆိုလို လီယွန်နက် မက်ဆီ ပဲ ရှိမယ်။ အဲဒီလောက်ကို လုပ်ပြခဲ့တာ။ ” လို့ ကြိုတင် ပြောဆိုခဲ့ပါသေးတယ်။