လူတန်တောင်း ပွဲကြိုမှာ မူဒရစ်ပါ ဒဏ်ရာရသွားလို့ အဓိက ကစားသမား (၉) ဦးထိ လက်လွတ်ရမယ့် ချယ်ဆီး

ဒီအပတ်မှာ ယှဉ်ပြိုင်ရမယ့် လူတန်တောင်း အသင်းနဲ့ပွဲ မတိုင်ခင်မှာ ချယ်ဆီးအသင်းရဲ့ တိုက်စစ်သမား မူဒရစ်ကလည်း ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ဒီရာသီ စတင်လာခဲ့ကတည်းက ချယ်ဆီး စီနီယာကစားသမား အများအပြားဟာ ဒဏ်ရာတွေ ရလာနေခဲ့တာဖြစ်ပြီး ဒီအပတ် ပရီးမီးယားလိဂ်ပွဲမှာ အသင်းသား ၉ ဦးက ဒဏ်ရာကြောင့် လွဲချော်သွားမှာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းရဲ့ ဒဏ်ရာ ရ ကစားသမားတွေရဲ့ အခြေအနေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဘတ်ဒီရာရှိုင်း – ပြန်လည် ထူထောင်ရေး ပရိုဂရမ်တွေ စတင်နေရာမှာ ပွဲပြန်ကစားနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်နေပါပြီ။

ဘာတင်နယ်လီ – ပြန်လည် ထူထောင်ရေး ပရိုဂရမ်တွေ စတင်နိုင်ဖို့ ကြိုးစားနေဆဲပါ။

ဘရိုဂျာ – ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေ စတင်နေရာမှာ ပွဲပြန်ကစားဖို့ နီးစပ်နေပါပြီ။

ချာလိုဘတ် – ကြံ့ခိုင်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေ ဆက်လက် လုပ်ဆောင်နေဆဲပါ။ အရမ်းတော့ မကြာတော့ပါဘူး။

ချူကွာမီကာ – ဒဏ်ရာ ခွဲစိတ်ရာကနေ ပြန်သက်သာလာအောင် ကြိုးစားနေပြီး ၆ ပတ်လောက်တော့ ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။

ဖိုဖာနာ – ဒဏ်ရာကနေ ပြန်သက်သာလာဖို့ ကြိုးစားနေမှုဟာ အစောပိုင်း အခြေအနေမှာပဲ ရှိပါသေးတယ်။ သူဟာ ဒီတစ်ရာသီလုံး နည်းပါး ချယ်ဆီးအတွက် ပွဲထွက်နိုင်ဖွယ် မရှိပါဘူး။

ရိစ်ဂျိမ်း – လီဗာပူးနဲ့ပွဲအတွင်း ဒဏ်ရာရခဲ့တဲ့ ရိစ်ဂျိမ်းဟာ ၄ ပတ်ဝန်းကျင် နားရမှာဖြစ်ကာ နိုင်ငံတကာ သီတင်းပတ်အပြီး ပြန်ကစားနိုင်ဖွယ် ရှိပါတယ်။

မူဒရစ် – ဒီအပတ် လေ့ကျင့်ရေးမှာ မူဒရစ် ဒဏ်ရာရသွားခဲ့ပါတယ်။ အခြေအနေ မပြင်းထန်ဘူးလို့ ယူဆရပါတယ်။

အန်ကွန်းကူ – ဒဏ်ရာက ပြန်သက်သာလာဖို့ ကြိုးစားနေပေမယ့် ပထမရာသီဝက်ကို လွဲချော်ဦးမှာ ဖြစ်ပါတယ်။