အာဆင်နယ်အသင်းရဲ့ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူး ဘာလိုဂန်ဟာ အံ့အားသင့်ဖွယ် ပြောင်းရွှေ့မှုအဖြစ် ပြင်သစ်ကလပ် မိုနာကို အသင်းထံ မဟုတ်ဘဲ ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်းထံ ရောက်ရှိသွားနိုင်ပါတယ်။
တိုက်စစ်မှူးသစ် ရှာဖွေနေတဲ့ ချယ်ဆီးအသင်းဟာ ဘာလိုဂန်ကို ရလိုပေမယ့် အမ်းမရိတ်ကလပ်က တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ပေးဖို့ကို တွန့်ဆုတ်နေဆဲပါ။ ဘာလိုဂန်ဟာ ချယ်ဆီး ကွင်းလယ်လူသစ် လာဗီယာနဲ့ တူညီတဲ့ အေးဂျင့်အောက်မှာ ရှိနေသူ ဖြစ်ပါတယ်။
ပြင်သစ်ကလပ် မိုနာကိုက ပေါင် ၃၄ သန်းဖြင့် ကမ်းလှမ်းပေမယ့် အာဆင်နယ်တို့ ငြင်းဆန်ထားတဲ့ ဘာလိုဂန်ကို စျေးကွက်မပိတ်ခင် ခေါ်ယူနိုင်ဖို့ ချယ်ဆီးနည်းပြ ပိုချက်တီနိုက အလိုရှိနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် အာဆင်နယ် အသင်းဟာ ကစားသမား ရောင်းချခြင်းကြောင့် မဟုတ်ဘဲ ဂန်းနားဟောင်း တစ်ဦး ပရီးမီးယားလိဂ် ပြန်လာတာကြောင့် ကြားက ယူရို ၂ သန်း အမြတ်ထွက် ငွေဝင်လာဦးမှာ ဖြစ်ပါတယ်။
အာဆင်နယ် နောက်ခံလူဟောင်း ဖြစ်တဲ့ ကွန်စတန်တီနို မာဗရွန်ပါနိုစ် ဟာ မနေ့ကပဲ ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်း အသင်းထံ ပြောင်းရွှေ့ ရောက်ရှိလာပါတယ်။ ၂၀၂၂ နွေမှာ စတုဂတ်ထံ ပြောင်းရွှေ့သွားခဲ့ပြီး အာဆင်နယ်က အနာဂတ် ရောင်းချမှုတွေကနေ ၁၀% ယူဖို့ sell-on clause ထည့် ချုပ်ခဲ့ပါတယ်။
ဒီနွေမှာတော့ ကွန်စတန်တီနို ဟာ ဝက်စ်ဟမ်းထံ ယူရို သန်း ၂ဝ + ထပ်ဆောင်းကြေး ယူရို ၅ သန်းနဲ့ ပြောင်းလာခဲ့ပြီး အာဆင်နယ်က ယူရို ၂ သန်း အလိုလို ရရှိတော့မှာပါ။
အာတီတာနဲ့ အီဒူး အတွက်တော့ အသုံးစရိတ်ထဲ ယူရို ၂ သန်း ပိုရသွားတာ ဖြစ်ပြီး ဈေးကွက် မပိတ်ခင် ဘယ်လို ခေါ်ယူမှုတွေ ထပ်လုပ်နိုင်ဦးမလဲ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
