ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီး ကစားသမားဟောင်း ဟားဂရေဗ့်က ဒီရာသီမှာ အာဆင်နယ်ဟာ အသင်းတိုင်းအတွက် ပြဿနာဖြစ်လာမယ်လို့ ထင်မြင်နေပါတယ်။
ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် နော်တင်ဟမ် ဖောရက်စ်ကို ရင်ဆို်င်ရာမှာ ၂-၁ ရလဒ်ဖြင့် အနိုင်ရခဲ့ကာ ကစားသမားသစ်တွေဖြစ်တဲ့ ဒီကလန်ရိုက်စ်၊ ကိုင်ဟာဗက်နဲ့ တင်ဘာတို့က အသင်းဖော်တွေဖြင့် တွဲဘက်ညီညီ ကစားနိုင်ခဲ့တာပါ။
အာဆင်နယ် တိုက်စစ်သမားတွေဖြစ်တဲ့ ဆာကာနဲ့ မာတင်နယ်လီတို့ကလည်း ခြေစွမ်း ထူးချွန်ခဲ့ကြတာနဲ့အညီ ပထမပိုင်းမှာတင် သွင်းဂိုး ၂ ဂိုး ရခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဖောရက်စ်က ပွဲထဲ ပြန်လာလု ဖြစ်ခဲ့ပေမယ့်လို့ အောင်မြင်တဲ့ တာထွက်မှုကို အာဆင်နယ်တို့ လုပ်နိုင်ခဲ့ပါတယ်။
ဟားဂရေဗ့်ကပဲ ‘ ပထမပိုင်း အာဆင်နယ်ရဲ့ ခြေစွမ်းက ထူးချွန်ပါတယ်။ နည်းနည်းတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပေမယ့် ပထမပိုင်း ၄၅ မိနစ်မှာ အာဆင်နယ် ကစားတာ ကောင်းခဲ့ပါတယ်။ ကစားသမားသစ် အားလုံး အထင်ကြီးဖို့ ကောင်းခဲ့ပြီး မာတင်နယ်လီကို အတော်လေး သဘောကျမိတယ်။
ဒီရာသီမှာ အာဆင်နယ်က အသင်းတိုင်းအတွက် ပြဿနာ ဖြစ်လာနိုင်ပါတယ်။ အဖွင့်ဂိုးက မာတင်နယ်လီရဲ့ တစ်ကိုယ်တော် အရည်အချင်းကနေ ရခဲ့တာဖြစ်ပြီး အန်ကတ်တီးရားရဲ့ အဆုံးသတ်ချက်လည်း ကောင်းခဲ့တာပေါ့။ ဒါပေမယ့် ဒီဂိုးက မာတင်နယ်လီ ဖန်တီးပေးခဲ့တာပါ ’ လို့ ချီးကျူးခဲ့ပါတယ်။
အာဆင်နယ်ဟာ ဒီရာသီမှာ ၂၀၀၄ နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ဖလား အောင်မြင်မယ်လို့ မှန်းဆခံနေရတာ ဖြစ်ပါတယ်။
