ကိုင်ဆီဒိုကို ထပ်မံ ကမ်းလှမ်းမယ့် ချယ်ဆီး၊ ဆော်ဒီရဲ့ စာချုပ်ကို ပယ်ချတဲ့ ဆာလာ၊ အမ်ဘာပေကို စီနီယာအသင်းနဲ့ လေ့ကျင့်ခွင့် ပိတ်ပင်ခြင်းနဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

ချယ်ဆီးအသင်းဟာ လိဒ်စ်ယူနိုက်တက်အသင်းမှ အမေရိကန် ကွင်းလယ်လူ တေလာ အဒမ်ကို ပေါင် သန်း ၂၀ ဖြင့် ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ဆော်ဒီပရိုလိဂ်ဘက်က တစ်ပတ် လုပ်ခ ပေါင် ၁၅၅ သန်းဖြင့် ချိတ်ဆက်မှုကို ဆာလာက ပယ်ချလိုက်ပြီး လီဗာပူးအသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားပါတယ်။

ဘောလုံးရာသီသစ် မစတင်ခင်မှာ ချယ်ဆီးဘက်က ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုအတွက် အလျှင်အမြန် ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

ဘန်လေအသင်းဟာ ရှက်ဖီးယူနိုက်တက် ကွင်းလယ်လူ ဆန်ဒါဘာဂျ်ကို ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။

ချယ်ဆီး ဂိုးသမားသစ် ဖြစ်လာမယ့် ဆန်းချက်စ်ကို ဘရိုက်တန်အသင်းမှာ နေရာမပေးခဲ့ခြင်းအတွက် နည်းပြ ဒီဇာဘီက တောင်းပန်စကား ပြောဆိုလိုက်ပါတယ်။

ခံစစ်မှူး ဗန်ဒီဗန်နဲ့ တိုက်စစ်မှူး ဗလစ်တို့ဟာ စပါးအသင်းနဲ့ ဆေးစစ်မှု ခံယူနေပြီဖြစ်ကာ ဒီအပတ်ထဲမှာပဲ ကစားသမားသစ်တွေအဖြစ် ကြေညာခြင်း ခံရမှာ ဖြစ်ပါတယ်။

မန်စီးတီးဟာ မာရက်ဇ် နေရာ အစားထိုးဖို့ ဘရိုက်တန်အသင်းမှ ဂျပန်တိုက်စစ်သမား မီတိုမာကို မျက်စိကျနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ တိုက်စစ်မှုးသစ် ဟွိုင်လန်းအား ကျောနံပါတ် ပေးဖို့ အချိန်ဆွဲနေသေးကြောင်း သိရပါတယ်။ ယူနိုက်တက်မှာ ကစားသမား အထွက်တွေ လာဖို့ ရှိနေတာကြောင့် ကျောနံပါတ် ကို ရွေးချယ် စဉ်းစားနေတာပါ။

ဝက်စ်ဟမ်း အသင်းက ယူနိုက်တက် ကွင်းလယ် ကစားသမား စကော့ မက် တော်မီနေး အတွက် ပေါင် သန်း ၄ဝ နဲ့ တတိယ အကြိမ် ကမ်းလှမ်းခဲ့ပြီး မန်ချက်စတာကလပ်ကတော့ ပယ်ချသွားခဲ့ကြောင်း သိရပါတယ်။

ဒီကနေ့မှာပဲ ပီအက်စ်ဂျီအသင်းနဲ့ တိုက်စစ်မှူး ဂွန်ကာလို ရာမိုစ့်တို့ဟာ ဆေးစစ်မှု ကိစ္စ ပြီးမြောက်ခဲ့ပါတယ်။ ယူရို သန်း ၈၀ တန် ကြယ်ပွင့် ရလိုက်ပြီဖြစ်တဲ့ ပီအက်စ်ဂျီအသင်းက အမ်ဘာပေကို စီနီယာအသင်းနဲ့ လေ့ကျင့်ရေး ဆင်းခွင့်မပေးဖို့ ပိတ်ပင်ထားပါပြီ။