နော်တင်ဟမ် ဖာရက်စ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲကို လွဲချော်သွားမယ့် အာဆင်နယ် ကစားသမား (၉) ဦး

ဝင်ဘာလေမှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားတဲ့ ကွန်မြူနတီဒိုင်းပွဲကို အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်ဟာ ရာသီသစ်ကို အကောင်းဆုံး ပုံစံဖြင့် စတင်လာခဲ့ပြီ ဖြစ်ပါတယ်။

မနှစ်ကရာသီ ကာလရှည် ပြိုင်ဆိုင်မှု လုပ်လာခဲ့အပြီး ရာသီကုန် အခိုက်အတန့် အချို့မှာ ခြေချော်ခဲ့မှုနဲ့အတူ အာဆင်နယ်တို့ ပရီးမီးယားလိဂ်ဖလားကို လက်လွတ်ခဲ့ရပါတယ်။ ဒီရာသီမှာလည်း သူတို့ဟာ အမှတ်ပေးဖလား စိန်ခေါ်လာနိုင်မယ့် အသင်းဖြစ်ကြောင်း သက်သေပြလာခဲ့ပါပြီ။

ဒါပေမယ့်လို့ ဩဂုတ်လ ၁၂ ရက်မှာ ယှဉ်ပြိုင်ရမယ့် နော်တင်ဟမ် ဖောရက်စ်နဲ့ အိမ်ကွင်းပွဲမှာ အာဆင်နယ် ကစားသမား အချို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ သူတို့တွေက ကွန်မြူနတီဒိုင်းမှာ မပါခဲ့ကြတဲ့ ဂျော်ဂျင်ဟို၊ ဂျေးဆု၊ ဘာလိုဂန်နဲ့ ဇင်ချန်ကိုတို့ ဖြစ်ပါတယ်။

ဒူးဒဏ်ရာရထားတဲ့ ဂျေးဆုဟာ သီတင်းပတ် အချို့ အနားယူရမှာဖြစ်ပြီး ကာလရှည် ပွဲမကစားနိုင်မှာမျိုးတော့ မဟုတ်ပါဘူး။ သူနဲ့ ဘာလိုဂန်တို့ ပွဲထွက်နိုင်မှာ မဟုတ်ခြင်းကြောင့် ဖောရက်စ်ပွဲမှာ ဟာဗက်ကို နေရာပေးဦးမှာ ဖြစ်ပါတယ်။

ပေပေ၊ တာဘာရိစ်၊ ဆီဒရစ်၊ လိုကွန်ဂါတို့ကတော့ ဒီနွေမှာ ရောင်းချခံရမယ့် ကစားသမားတွေဖြစ်ကာ အာဆင်နယ်ရဲ့ ပွဲနေ့ လူစာရင်းတွေကနေ လွဲချော်ကြပါတော့မယ်။

အမေရိကန် ခရီးစဉ်မှာ ဒဏ်ရာ ပြဿနာရှိခဲ့တဲ့ နယ်ဆန်က ပထမသီတင်းပတ် ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ကလပ်ရဲ့ သက်တော်ရှည် ကစားသမား အန်နီနီဟာလည်း လူစာရင်းကနေ ကာလတစ်ခုကြာ လွဲချော်နေဦးမှာ ဖြစ်ပါတယ်။