ဒီအပတ်အတွင်း ၄ ဦးမြောက် ကစားသမားသစ် လက်မှတ်ထိုးမှု ပြုလုပ်သွားမယ့် အာဆင်နယ်

အာဆင်နယ်ဟာ ဒီအပတ်ထဲမှာပဲ နွေအပြောင်းအရွှေ့အတွင်း ၄ ဦးမြောက် ခေါ်ယူမှုကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အသုံးစရိတ် ပေါင် သန်း ၂၀၀ နဲ့အတူ ချယ်ဆီးမှ ဟာဗက်၊ အေဂျက်မှ တင်ဘာနဲ့ ဝက်စ်ဟမ်းမှ ဒီကလန်ရိုက်စ်တို့ကို ခေါ်ယူထားတဲ့ အာဆင်နယ်အသင်းဟာ နောက်ထပ် ခေါ်ယူမှုအဖြစ် ကွင်းလယ်လူသစ်ကို ချိတ်ဆက်နေတာ ဖြစ်ပါတယ်။

အေဂျက်အသင်းမှ ခူးဒက်စ်နဲ့ သတင်းထွက်နေပေမယ့် အာဆင်နယ်ဘက်က ဘရာဇီးကလပ် ဂရာမီယိုအသင်း ကွင်းလယ်လူ ဘီတယ်ယိုကို ယူရို ၈ သန်းဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဘရာဇီးသားကလည်း အင်္ဂလန်လိဂ်ကို ပြောင်းလာဖို့ စိတ်အားထက်သန်နေပါတယ်။

ဘီတယ်ယိုကို ခေါ်ယူလိုတဲ့ ကလပ်တွေ များပေမယ့်လို့ ဘရာဇီးကစားသမားတွေ ရှိနေတဲ့ အာဆင်နယ်က လက်ဦးမှု ယူနိုင်မယ့် အခြေအနေ ဖြစ်ပါတယ်။ ဘီတယ်ယိုဟာ ညာတောင်ပံနဲ့ ညာခြမ်းနေရာတွေအပြင် ကွင်းလယ် နေရာစုံ ကစားနိုင်သူ ဖြစ်ပါတယ်။

လာမယ့်ရာသီ ချန်ပီယံလိဂ်ထံ ပါဝင် ယှဉ်ပြိုင်ခွင့်ရထားတဲ့ အာဆင်နယ်ဟာ လူစာရင်း အင်အားတောင့်တင်းမှု နည်းပါးခြင်းကြောင့် ကစားသမားသစ်တွေ ခေါ်ယူရေးကို အားစိုက်နေတာပါ။ ဘီတယ်ယိုအပြင် နောက်ထပ် ခေါ်ယူမှုတွေ ထပ်ရှိလာမယ် မျှော်လင့်ရတယ်။

အာဆင်နယ် အားကစားဒါရိုက်တာ အီဒူးက တိုက်စစ်မှူး ဘာလိုဂန် အပါအဝင် ပေပေ၊ တာဘာရိစ် အစရှိတဲ့ ကစားသမားတွေကို ရောင်းထုတ်နိုင်ဖို့လည်း ကြိုးစားနေသေးတာ ဖြစ်ပါတယ်။