NEWS: အမ်ဘာပေအတွက် ယူရို သန်း ၃၀၀ ဖြင့် ပီအက်စ်ဂျီအသင်းထံ ကမ်းလှမ်းတဲ့ ကလပ် ပေါ်လာပါပြီ။

ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်မှူး အမ်ဘာပေအတွက် ယူရို သန်း ၃၀၀ တန်ကြေးရှိ ကမ်းလှမ်းမှု ရရှိသွားပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ပီအက်စ်ဂျီ အသင်းဟာ သူတို့ရဲ့ ရာသီကြို ခရီးစဉ်ကနေ အမ်ဘာပေအား တရားဝင် ချန်လှပ်ခဲ့ပါတယ်။ ဒါဟာ သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့တဲ့ ဘာပေကို အမြန်ဆုံး ရောင်းချချင်တယ် ဆိုတဲ့ သူတို့ရဲ့ ခိုင်မာတဲ့ သဘောထားကို ပြသခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ပြင်သစ်ကြယ်ပွင့်ဟာ ပီအက်စ်ဂျီနဲ့ ၂၀၂၄ ခုနှစ်ထိပဲ စာချုပ်ရှိထားကာ နှစ်ဘက် သဘောတူညီခဲ့ရင် ၂၀၂၅ ခုနှစ်ထိ သက်တမ်းတိုးနိုင်ခွင့် ပါရှိထားပါတယ်။ အမ်ဘာပေက သူ့ရဲ့ စာချုပ်ကုန်တဲ့ ၂၀၂၄ ထိ ကစားပြီးရင် အလွတ်နဲ့ ထွက်ဖို့ ရည်မှန်းထားတာပါ။

ရီးရဲလ်မက်ဒရစ်ရဲ့ ကာလရှည် ပစ်မှတ်ဖြစ်ခဲ့ပေမယ့် မနှစ်ကနွေမှာ လာလီဂါကလပ်ဟာ အမ်ဘာပေကို ခေါ်ယူနိုင်ရေး မအောင်မြင်ခဲ့ပါဘူး။ ၎င်းတို့ကတော့ ၂၀၂၄ နွေမှာ အမ်ဘာပေ အလွတ်နဲ့ ထွက်လာခဲ့ရင် ခေါ်ယူသွားမယ်လို့ သတင်းကြီးနေပါတယ်။

ဒီကနေ့မှာပဲ ရည်မှန်းချက်ကြီးတွေနဲ့အတူ ကစားသမားကောင်းတွေကို စုစည်းနေတဲ့ ဆော်ဒီပရိုလိဂ်ကလပ် Al Hilal အသင်းက စာချုပ် ၁ နှစ်ပဲ ကျန်ရှိတော့တဲ့ အမ်ဘာပေကို ယူရို သန်း ၃၀၀ (ပေါင် ၂၅၄ သန်း) ဖြင့် ကမ်းလှမ်းလာခဲ့တာပါ။

အခုချိန်ထိ Al Hilal အသင်းက ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ စကားပြောရခြင်းတော့ မရှိသေးပါဘူး။ ပီအက်စ်ဂျီဘက်က သူတို့ ကမ်းလှမ်းတဲ့ ပြောင်းရွှေ့ကြေးကို လက်ခံခဲ့ရင် ဆော်ဒီကလပ်ဟာ ကစားသမားနဲ့ ချိတ်ဆက် စကားပြောမှာ ဖြစ်ပါတယ်။