ရာသီကြို အစမှာပဲ ဒဏ်ရာရသွားတဲ့ လီဗာပူးရဲ့ ပေါင် သန်း ၆၀ တန် ကစားသမားသစ်

ဂျာမနီမှာ ရာသီကြို လေ့ကျင့်ရေး ဝင်နေတဲ့ လီဗာပူးအသင်းဟာ အဓိက ကွင်းလယ်လူတွေဖြစ်တဲ့ ဟန်ဒါဆန်၊ ဖာဘင်ညိုတို့ကို အသင်းပြောင်းခွင့် ပေးရချိန်မှာ နောက်ထပ် သတင်းဆိုးတစ်ခုကို ရင်ဆိုင်ခဲ့ရပါတယ်။

ဒီနွေစျေးကွက်မှ လိုက်ဇစ်ကနေ ပေါင် သန်း ၆၀ ပေး ခေါ်ယူထားတဲ့ အသက် ၂၂ နှစ် အရွယ် ကွင်းလယ်လူ ဒေါမနစ် ဆိုလိုစလိုင်းဟာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိသွားပါတယ်။ ဒဏ်ရာ မပြင်းထန်ဘူးလို့ ယူဆရပေမယ့် မနက်ဖြန်မှာ ယှဉ်ပြိုင်ကစားမယ့် ရာသီကြိုပွဲကို လွဲချော်သွားပြီ ဖြစ်ပါတယ်။

ဘရိုက်တန် ကွင်းလယ်လူ မက်ကယ်လစ္စတာကို ပေါင် ၃၅ သန်းဖြင့် ခေါ်ယူထားတဲ့ လီဗာပူးအသင်းဟာ ဒီနွေမှာ လူသစ် ၂ ဦးတည်း ရထားသေးတာပါ။ သူတို့ နှစ်ဦးလုံးဟာ အန်ဖီးထံ ၅ နှစ် စာချုပ်တွေဖြင့် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပါတယ်။

မီလ်နာ၊ ကိတ်တာ၊ ချိန်ဘာလိန်၊ အာသာတို့လို ကွင်းလယ်လူတွေကို လက်လွတ်ထားရသလို ဟန်ဒါဆန်တို့ ထွက်ခွာသွားချိန် ဆိုဘိုစလိုင်းရဲ့ ဒဏ်ရာ ကိစ္စက နည်းပြကလော့ပ်အတွက် စိတ်ပျက်စရာ ဖြစ်လာခဲ့ပါတယ်။

လီဗာပူးဟာ ရာသီသစ်အတွက် တတိယမြောက် ခေါ်ယူမှု အဖြစ် ဆောက်သမ်တန် အသင်းမှ အသက် ၁၉ နှစ်အရွယ် လာဗီယာကို ရဖို့ အားစိုက်လာမယ်လို့ သိရပါတယ်။ လာဗီယာဟာ မနှစ်ကနွေမှာ မန်စီးတီးကနေ ဆောက်သမ်တန် အသင်းထံ ပေါင် ၁၄ သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။

စီးတီးက ပြန်ဝယ်ခွင့် ထည့်သွင်းကာ ရောင်းခဲ့ပေမယ့် ထိုအချက်ကို အသက်သွင်းဖွယ် မရှိပါဘူး။ လီဗာပူးအသင်းကတော့ လာဗီယာအတွက် စိန့်တွေ တောင်းဆိုတဲ့ ပေါင် သန်း ၅ဝ ထိ မပေးဘဲ မျှတတဲ့ တန်ကြေးနဲ့သာ ကမ်းလှမ်းမှု တင်သွင်းဖွယ် ရှိပါတယ်။