ရလဒ်က အရှုံးဆိုပေမယ့် သူကျေနပ်မိတာတွေကို ပြောပြလာတဲ့ နည်းပြအာတီတာ

ရာသီကြို ခြေစမ်းပွဲမှာ မန်ချက်စတာ ယူနိုက်တက်ကို အရေးနိမ့်ခဲ့ပေမယ့် ပိုပြီး အားစိုက်ရမယ့် အကောင်းမြင်စရာတွေ ဖြစ်လာမယ့် အခြေအနေကို နည်းပြအာတီတာက စိတ်လှုပ်ရှားနေပါတယ်။

အဆိုပါပွဲမှာ ဒီကလန်ရိုက်စ်၊ ကိုင်ဟာဗက်နဲ့ အိုဒီဂတ်တို့ ၃ ဦးကို ကွင်းလယ် ၃ ယောက်တန်းအဖြစ် သုံးခဲ့တာပါ။ ၃ ဦးလုံးဟာ အပြည့်အဝ အားထုတ်နိုင်ခဲ့ခြင်း မရှိပေမယ့် ဒီလို တွဲသုံးနိုင်ခြင်းကပဲ ကွင်းလယ်တန်း တွဲဘက်ညီလာဖို့ လမ်းစလို့ နည်းပြက ဆိုပါတယ်။

နည်းပြအာတီတာက “ ကွင်းလယ် ၃ ယောက်က ၅၅ ကြိမ်လောက် အတူ တွဲကစားမယ်ဆိုရင် သူတို့ ပိုကောင်းလာပါလိမ့်မယ်။ ပိုပြီး တွဲဘက်ညီလာမှာပါ။ သူတို့ကြား အချင်းချင်း နားလည်မှုတွေ ရှိလာခြင်းနဲ့အတူ ကျနော်တို့ ပိုပြီး လွှမ်းမိုး ကစားလာနိုင်ပါမယ်။

အကောင်းဆုံးတွေ ဖြစ်လာရေး အချိန်ယူရပါမယ်၊ ဒါကို ကျနော်တို့ လေးစားဖို့ လိုပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ကောင်းမွန်တာတွေ အများကြီး မြင်ခဲ့ရပါတယ်။ ရလဒ်က ခြားနားတယ်ဆိုပေမယ့်လို့ နိုင်ပွဲရတာထက် ပိုကျေနပ်တာတွေ ရှိခဲ့ပါတယ် ” လို့ ပြောသွားတာ ဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ကစားဟန်မှာ ကစားသမားသစ်တွေကို ပေါင်းထည့်ဖို့က အချိန်ယူရမှာဖြစ်ပြီး အိုဒီဂတ် ကိုယ်တိုင်ကလည်း အမ်းမရိတ်မှာ အသားကျဖို့ အချိန်တစ်ခု ယူခဲ့ရတာ ဖြစ်ပါတယ်။