အဆိုးဆုံးအတွက် ကြိုပြင်ထားကြလို့ သတိပေးလာတဲ့ အာဆင်နယ် တိုက်စစ်မှူး မာတင်နယ်လီ

တိုက်စစ်မှူး မာတင်နယ်လီက အာဆင်နယ်ဟာ ဥရောပ အကောင်းဆုံး အသင်းတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီလို့ အမေရိကန် ရာသီကြိုမှာ ပြောလာပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင် ယှဉ်ပြိုင်ရမယ့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲ ၄ ခုမှာ အားထုတ်ရမှာပါ။ ဘရာဇီးသား တိုက်စစ်မှူးကတော့ စိန်ခေါ်မှုအသစ်တွေကို သဘောကျနေပြီး လူစာရင်း အားဖြည့်မှုတွေက သူတို့ကို ပိုကောင်းလာစေမယ်လို့ မှတ်ချက်ပေးပါတယ်။

မာတင်နယ်လီက ” အဆိုးဆုံးအတွက် ကျနော်တို့ ကိုယ့်ဘာသာ ပြင်ဆင်ထားဖို့ လိုမယ်၊ အကောင်းဆုံး အသင်းတွေကို ရင်ဆိုင်ဖို့လည်း ကျနော်တို့ ပြင်ဆင်ထားရပါမယ်။ ဒါတွေအတွက် တစ်သင်းလုံး ပြင်ဆင်မှုတွေ လုပ်နေကြပါတယ်။ စိန်ခေါ်မှုသစ်အတွက် ကျနော်တို့ အဆင်သင့် ဖြစ်နေပါပြီ။

ကျနော်တို့တွေ ပွဲအများကြီး ယှဉ်ပြိုင်ကစားရဖို့ ရှိနေတာမို့ လူစာရင်း အင်အားတောင့်တင်းလာတာက အရေးကြီးပါတယ်။ လာမယ့်ရာသီကလည်း ခက်ခဲဦးမှာပါ။ ကျနော်တို့တော့ ထပ်မံ ယှဉ်ပြိုင်ဖို့ အဆင်သင့်ပါပဲ။

ပွဲထွက် လူစာရင်းအတွက် ရွေးချယ်စရာတွေ အများကြီး ရှိနေတာ သိပ်ကောင်းပါတယ်။ ရာသီသစ် စတင်ဖို့ ယုံကြည်ချက် ရှိနေပါတယ်။ ကစားသမားကောင်းတွေ အများကြီးရှိနေတာက ပိုမို လွယ်ကူစေမှာပါ ” လို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်မှာတော့ ဂျေးဆု၊ ဆာကာ၊ မာတင်နယ်လီ၊ ထရော့ဆတ်၊ ဟာဗက်တို့ ရှိနေပြီး ဘာလို့ဂန်၊ အန်ကတ်တီးရား၊ နယ်ဆန်တို့ပါ ရှိနေသေးတာမို့ နေရာပြိုင်ဆိုင်မှု ပြင်းထန်ဦးမှာ ဖြစ်ပါတယ်။