အိုနာနာ မန်ယူနိုက်တက် ကစားသမားသစ်ဖြစ်လာမယ့် အချိန်နဲ့ ပထမဆုံး ပွဲဦးထွက်မယ့် ပွဲစဉ်

မန်ချက်စတာ ယူနိုက်တက်ဟာ အင်တာမီလန် ဂိုးသမား အိုနာနာကို အမေရိကန် ရာသီကြို ခရီးစဉ် မတိုင်ခင် လက်မှတ်ထိုးနိုင်မယ်လို့ ယုံကြည်ချက် ရှိနေပြီ ဖြစ်ပါတယ်။

ဒီဂီယာကို အလွတ်ဖြင့် ထွက်ခွင့်ပေးထားသလို ဒင်းဟန်ဒါဆန်ကိုလည်း ရောင်းချသွားဦးမယ့် ယူနိုက်တက်ဟာ ကလပ်ရဲ့ ဦးစားပေး ဂိုးသမား နေရာအတွက် အိုနာနာကို လွဲပြောင်းပေးတော့မှာပါ။ အသက် ၂၇ နှစ် အရွယ် ဂိုးသမားဟာ နည်းပြတန်ဟက်ရဲ့ စနစ်ကို နားလည်ထားပြီးသူ ဖြစ်ပါတယ်။

နည်းပြတန်ဟက်နဲ့ အိုနာနာတို့ဟာ အေဂျက်အသင်းမှာ ၃ နှစ်ကြာ အတူရှိခဲ့တာကြောင့် ကင်မရွန်းသားရဲ့ ဘောလုံးဖြန့်ဝေပေးနိုင်စွမ်းဟာ ယူနိုက်တက်မှာ အကောင်အထည် ဖော်နေတဲ့ နည်းစနစ်အတွက် အံဝင်လိမ့်မယ်လို့ နည်းပြကြီးက ယုံကြည်နေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဘက်က ပေါင် ၃၈ သန်းဖြင့် ကမ်းလှမ်းထားပြီး အင်တာမီလန်ဘက်က ပေါင် ၅၁ သန်းထိ အလိုရှိတာမို့ ပြောင်းရွှေ့ကြေး ညိနှိုင်းမှုတွေ ရှိနေမှာပါ။ ဒါပေမယ့် BBC ကပဲ အမေရိကန် ရာသီကြိုခရီး မတိုင်ခင်မှာ အိုနာနာကို အပြီးသတ် ခေါ်ယူနိုင်ဖို့ ယူနိုက်တက်ဘက်က အရှိန်တင်လာပြီလို့ ဆိုပါတယ်။

လာမယ့် ၁၀ ရက်အတွင်း အမေရိကန်နိုင်ငံ နယူးဂျာစီမှာ မန်ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့မှာဖြစ်ကာ အဆိုပါပွဲမှာ အိုနာနာ စတင် ပွဲထွက်ပါလိမ့်မယ်။ သူဟာ ချယ်ဆီးကနေ ပြောင်းလာတဲ့ မေဆန်မောင့်နောက် ယူနိုက်တက်ရဲ့ ဒုတိယမြောက် လက်မှတ်ထိုးမှု ဖြစ်လာပါလိမ့်မယ်။