၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ပထမအပတ် ပရီးမီးယားလိဂ် ပွဲစဉ်စာရင်း ပေါက်ကြားလာကြောင်းကို ဒေးလီးမေလ်းက ဖော်ပြလာပါတယ်။
ဒီကနေ့မှာတော့ လာမယ့်ရာသီ အင်္ဂလန်အဆင့်မြင့်တန်းလိဂ်ရဲ့ ပွဲစဉ် ၃၈ ပွဲလုံးကို ပရီးမီးယားလိဂ်ဘက်က ကြေညာသွားမှာပါ။ အသင်းတိုင်းက မျှော်လင့်ချက် အသစ်တွေဖြင့် ယှဉ်ပြိုင်ရမယ့် ရာသီသစ်ကို မှန်းမျှော်နေကြတာ ဖြစ်ပါတယ်။
ထွက်ပေါ်နေတဲ့ ပထမအပတ် ပွဲစဉ်မှာတော့ အသင်းကြီး အတော်များများက ပွဲချောင်နေခဲ့တာဖြစ်ကာ မန်ချက်စတာ ယူနိုက်တက်က ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ထိပ်သီးအသင်းချင်း ထိပ်တိုက်တွေ့မှုအဖြစ် စပါး vs နယူးကာဆယ် ပွဲစဉ်လည်း ပါဝင်နေပါတယ်။
လက်ရှိချန်ပီယံ မန်စီးတီးက ကလပ်ဂန္တဝင်ဟောင်း ကွန်ပနီ ကိုင်တွယ်နေတဲ့ ဘန်လေကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရဖို့ ရှိနေတယ်။ အာဆင်နယ်နဲ့ ချယ်ဆီးတို့က လန်ဒန်ဒါဘီ ပွဲစဉ်တွေအဖြစ် ဖူလ်ဟမ်နဲ့ ပဲလေစ့်တို့ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရပါမယ်။

ရာသီအဖွင့်ပွဲကို အဝေးကွင်း ကစားခွင့်ပေးဖို့ တောင်းဆိုထားတဲ့ လီဗာပူးအသင်းက ပရီးမီးယားလိဂ် တန်းတက်ကလပ် လူတန်တောင်ကွင်းထံ သွားရောက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရာသီအဖွင့်ပွဲမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးကလွဲလို့ ကျန်အသင်းတွေက အဝေးကွင်းပွဲတွေ ဖြစ်ကြပါတယ်။
ပရီးမီးယားလိဂ် တန်းတက်ကလပ်တွေထဲက ကျန်တစ်သင်းဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်ကတော့ အက်စတွန်ဗီလာအသင်းကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

