ဒီရာသီ တောက်ပမှုကြောင့် ကလပ် ကြယ်ပွင့်တွေကို ဆက်ထိန်းနိုင်ရေး ရုန်းကန်နေရတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ နွေစျေးကွက်အတွင်း ကစားသမားသစ်တွေ အင်အားဖြည့်ရာမှာ အသုံးစရိတ်ရဖို့ စမစ်ရိုးကို ရောင်းချမယ်လို့ သတင်းကြီးနေပေမယ့် ကြယ်ပွင့်လေးကို လက်လွတ်ခံမှာ မဟုတ်ပါဘူး။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်အားသန်လေးဟာ အမ်းမရိတ်မှာ ၂၀၂၆ ခုနှစ်ထိ ရှိနေမယ့် စာချုပ်ရှိထားသူပါ။ သူဟာ လာမယ့်ရာသီ အာတီတာရဲ့ ပလန်တွေအတွက် အရေးပါဆဲ ကစားသမားဖြစ်ပြီး နွေမှာ ရောင်းထုတ်ဖို့ အာဆင်နယ်ဘက်က စိတ်မဝင်စားဘူးလို့ The Athletic က ဆိုပါတယ်။

David Ornstein ကတော့ အက်စတွန်ဗီလာက ကာလရှည် စိတ်ဝင်စားနေတဲ့ စမစ်ရိုးရဲ့ အနာဂတ်ဟာ အာဆင်နယ်မှာပဲ ဆက်ရှိနေမယ်လို့ ဖော်ပြခဲ့တယ်။ အခြားသော ကလပ်တွေကလည်း စိတ်ဝင်စားပေမယ့် ကြံ့ခိုင်မှု ကောင်းနေခဲ့ရင် စမစ်ရိုးဟာ အရေးပါတဲ့ အသင်းသား တစ်ဦးအဖြစ် ဆက်ရှိနေပါမယ်။

အာဆင်နယ်ဟာ အားထားရတဲ့ နောက်ခံလူ ဝီလီယံ ဆာလီဘာကို သက်တမ်းတိုးဖို့ ဆွေးနွေးမှုကတော့ အဆင်မပြေ ဖြစ်နေပြီး သူ့ကို ရောင်းထုတ်ဖို့ စဉ်းစားလာနေရပါပြီ။ ဆာကာ၊ ရမ်ဒယ်တို့ကို သက်တမ်းတိုးလို့ ပြီးသွားပေမယ့် ဆာလီဘာ စာချုပ်သစ် အတွက် ဆွေးနွေးမှုကတော့ အထစ်အငေါ့တွေ ဖြစ်နေတာပါ။

လက်ရှိ တစ်ပတ် လုပ်ခ ပေါင် ၄ သောင်းသာ ရရှိနေတဲ့ ပြင်သစ် လက်ရွေးစင် ကစားသမားဟာ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တာပါ။ တခြား အာဆင်နယ် ကစားသမားတွေလို ဆာလီဘာ စာချုပ်မှာ သက်တမ်း တစ်နှစ် ထပ်တိုးခွင့်ကလည်း မပါဝင်ပါဘူး။

အာဆင်နယ်ဟာ လက်ရှိ ဆွေးနွေးမှုမှာ တစ်ပတ် ပေါင် ၁သိန်း ၂ သောင်း လစာနဲ့ ကမ်းလှမ်းထားတယ် လို့ သိရပြီး ဒါဟာ ကစားသမား ဘက်က အလိုရှိတာနဲ့ ကိုက်ညီဖို့ အတော် အလှမ်းဝေးသေးတယ်လို့ သိရပါတယ်။

ဆာလီဘာရဲ့ ကိုယ်စားလှယ်တွေဘက်က ရဲတင်းလွန်းတဲ့ လစာ တောင်းဆိုမှုဟာ အာဆင်နယ် အကြီးအကဲတွေကို အံ့အားသင့်စေပြီး ညှိနှိုင်းမရရင် ဒီနွေမှာတင် ဆာလီဘာကို ရောင်းချရဖွယ်တောင် ရှိနေတယ် လို့ သိရပါတယ်။

အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်ကို ခေါ်ယူဖို့အတွက်လည်း ပီအက်စ်ဂျီက စိတ်ဝင်စားနေပြီး အမ်းမရိတ်တာဝန်ရှိသူတွေကတော့ ကွင်းလယ်လူကို ရအောင် ဆက်ထိန်းသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။