ချယ်ဆီးမန်နေဂျာသစ် အဖြစ် ပထမဆုံးသော အပြောင်းအရွှေ့ ကိစ္စကို စီမံလိုက်ပြီဖြစ်တဲ့ ပိုချက်တီနို

မနေ့ကပဲ အာဂျင်တီးနားနည်းပြ ပိုချက်တီနိုဟာ ချယ်ဆီးအသင်းကို တာဝန်ယူမယ့် အကြောင်း တရားဝင် ကြေညာခဲ့ပြီဖြစ်ပါတယ်။

ပိုချက်တီနိုဟာ ၂ နှစ်စာချုပ်နဲ့ စတမ်းဖိုဒ့်ဘရစ်ချ်ကို ရောက်ရှိလာမှာဖြစ်ကာ စာချုပ်မှာတော့ နောက်ထပ် ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့် ပါဝင်ပါမယ်။ နွေစျေးကွက်မှာ ကစားသမား ရှင်းထုတ်မှု များစွာ ပြုလုပ်မယ့် ချယ်ဆီးဟာ ပိုချက်တီနိုရဲ့ သဘောထားကိုလည်း အလေးပေးသွားမှာဖြစ်ပါတယ်။

မန်နေဂျာသစ်ကတော့ လာမယ့်ရာသီ သူ့ရဲ့ အစီအစဉ်တွေထဲမှာ တိုက်စစ်မှူး ဖီလစ်ကို မထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဇန်နဝါရီကမှ ပေါင် ၁၀ သန်းဖြင့် အငှား ခေါ်ယူခဲ့တဲ့ တိုက်စစ်သမားကို အက်သလက်တီကို မက်ဒရစ်ထံ​ ပြန်ပို့ဖို့ ဆိုတဲ့ အရေးကြီး ဆုံးဖြတ်ချက်ကို ပိုချက်တီနိုက အတည်ပြုပေးခဲ့ပါတယ်။

အက်သလက်တီကို ဥက္ကဋ္ဌ Enrique Cerezo က ‘ ချယ်ဆီးမန်နေဂျာသစ်က ဖီလစ်ကို မလိုချင်ဘူးဆိုတဲ့ သတင်းကို မနေ့ကပဲ ကျနော်တို့ ကြားခဲ့ရပါတယ်။ သူ အေတီကိုထံ ပြန်လာမှာပါ။ ကိစ္စတွေက စီစဉ်ထားသလို ဖြစ်မလာခဲ့ပါဘူး ’ လို့ ဖော်ထုတ်သွားတာ ဖြစ်ပါတယ်။

ပိုချက်တီနိုဟာ အူဘာမီယန်ကို ရောင်းထုတ်ဖို့နဲ့ ဂါလယ်ဂါ၊ လော့တပ်ချိစ်၊ မေဆန်မောင့်၊ အိုဒွိုင်းလို အကယ်ဒမီထွက်တွေ အပါအဝင် ကစားသမား ၁၂ ဦးလောက်ရဲ့ အနာဂတ် အတွက်လည်း ဆုံးဖြတ်မှုတွေ ပြုလုပ်ပေးရဖို့ ရှိပါတယ်။

ချယ်ဆီးအသင်းဟာ ဂိုးသမားသစ်၊ ကွင်းလယ်လူသစ်နဲ့ တိုက်စစ်မှူးသစ်တွေကို ခေါ်ယူသွားဖို့ ရှိနေပြီး စပို့တင်း ကွင်းလယ်လူ အူဂါတီနဲ့တော့ နာမည်ထွက်နေတာပဲ ဖြစ်ပါတယ်။