ယူနိုက်တက် ဂျာစီဒီဇိုင်းသစ်၊ ဘာစီလိုနာ ခံစစ်သမားကို လီဗာပူးဘက်က ခေါ်ယူလိုခြင်း၊ ချယ်ဆီး နည်းပြသစ်ဖြစ်လာတဲ့ ပိုချက်တီနိုနဲ့ နောက်ဆုံးရ ဘောလုံးသတင်းတိုများ

စီးတီး နည်းပြ ပက် ဂွာဒီယိုလာက ပီအက်စ်ဂျီ ကြယ်ပွင့် နေမာထံ ဖုန်းခေါ်ပြီး နွေ အပြောင်းအရွှေ့မှာ ဘယ်လို သဘောထား ရှိသလဲ မေးမြန်းထားကြောင်း ပြင်သစ် သတင်းတွေက ဖော်ပြလာပါတယ်။

ချယ်ဆီးအသင်းဟာ ပိုချက်တီနို ကို နည်းပြသစ် အဖြစ် ၂ နှစ် စာချုပ်နဲ့ ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း ဒီနေ့မှာ တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။ စာချုပ်မှာ နောက်ထပ် တစ်နှစ် ထပ်တိုးခွင့်လည်း ထည့်သွင်းထားပါတယ်။

လီဗာပူးကနေ အလွတ်နဲ့ ထွက်ခွာလာပြီ ဖြစ်တဲ့ ဘရာဇီး တိုက်စစ်မှုး ဖာမီနို ကို ဘာစီလိုနာနဲ့ မေဂျာလိဂ်ကလပ်တွေ ချိတ်ဆက်နေတဲ့ အပြင် ရီးရဲလ်မက်ဒရစ်ကလည်း ချိန်ရွယ်လာပါတယ်။

The Athletic သတင်းဌာန အဆိုအရ ချယ်ဆီး ကွင်းလယ် ကစားသမား မေဆန်မောင့်ဟာ ဒီနွေမှာ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ များနေပြီ လို့ သိရပါတယ်။

ဒီဂီယာ ကို သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုဖို့ အရေးမှာလည်း နည်းပြတန်ဟက်ရဲ့ နောက်ဆုံး သဘောတူ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရတယ်လို့ သတင်းထွက်နေပါတယ်။

ဘိုင်ယန်မြူးနစ်မှာ ထိပ်သီး အကြီးအကဲတွေ အပြောင်းအလဲ ရှိပေမယ့် နည်းပြ တူချယ်ကတော့ ရာထူး ဆက်မြဲနေမှာ ဖြစ်ပါတယ်။

လာမယ့်ရာသီအတွက် ယူနိုက်တက်ရဲ့ အိမ်ကွင်း ဂျာစီဒီဇိုင်း ပေါက်ကြားလာနေပါတယ်။ ပရိသတ်တွေကတော့ ဂျာစီက လှပေမယ့် ရင်ဘတ်လိုဂိုက အရမ်း နေရာယူထားတယ်လို့ မှတ်ချက်ပေးနေကြပါတယ်။

ဘရာဇီးလက်ရွေးစင် အသင်းကတော့ ရီးရဲလ် နည်းပြ အန်ဆယ်လော့တီကို နည်းပြ အဖြစ် ခန့်အပ်ဖို့ ရည်ရွယ်ထားဆဲ ဖြစ်ကြောင်း The Athletic သတင်းက ဆိုပါတယ်။

ဘိုင်ယန်မြူးနစ်က ယူရို သန်း ၇၀ နဲ့ ဝယ်ယူခွင့်ကို အသက်သွင်းမှာ မဟုတ်တာကြောင့် ကန်ဆယ်လို က မိခင်ကလပ် မန်စီးတီးအသင်းထံ ပြန်လာရမှာပါ။ ဒါပေမယ့် စီးတီးက ဒီနွေမှာ ကန်ဆယ်လို ကို ရောင်းချဖို့ စီစဉ်နေကြောင်း သတင်းထောက် ရိုမန်ုနိုက အခိုင်အမာ ဆိုထားပါတယ်။

နယူးကာဆယ် အသင်းဟာ မန်စီးတီး ချိန်ရွယ်လာတဲ့ သူတို့ ကြယ်ပွင့် ကစားသမား ဘရူနို ဂွီးမားရက်စ် အတွက် တန်ကြေး ပေါင် ၈၇ သန်း လို့ သတ်မှတ်လိုက်ကြောင်း The Times မှာ ဖော်ပြလာပါတယ်။

လီဗာပူးအသင်းဟာ ဘာစီလိုနာကနေ ထွက်ချင်နေတဲ့ ခံစစ်သမား ကွန်ဒီကို ပေါင် ၅၂ သန်းဖြင့် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပါတယ်။