ယူနိုက်တက်က ချယ်ဆီးအသင်းကို အိမ်ကွင်းမှာ ၄-၁ နဲ့ အနိုင်ရခဲ့တာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ၄ သင်းဟာ သေချာသွားခဲ့ပါပြီ။
နောက်ဆုံး ၅ ရာသီအတွင်း ချန်ပီယံလိဂ် ဖိုင်နယ်ထံ ၃ ကြိမ်တိုင် တက်ရောက်နိုင်ခဲ့တဲ့ လီဗာပူးအသင်းဟာ ဥရောပပြိုင်ပွဲကြီးမှာ ပါဝင်ခွင့်မရတော့ပါဘူး။ ၎င်းတို့ဟာ လာမယ့်ရာသီ ယူရိုပါလိဂ် ပြိုင်ပွဲမှာပဲ ပါဝင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
နောက်ဆုံး ၁၀ ပွဲဆက် ရှုံးပွဲမရှိမှုနဲ့အတူ လီဗာပူးအသင်းက အတော်လေး ဖိအားပေးနိုင်ခဲ့ပေမယ့် ဒီရာသီ စွမ်းဆောင်ရည် ကျဆင်းမှုတွေ များခဲ့ခြင်းက ကလော့ပ်ရဲ့ အသင်းကို ထိခိုက်မှု ကြီးမားစေခဲ့ပါတယ်။
မနက်က ယူနိုက်တက်ပွဲအပြီးမှာ အီဂျစ်တိုက်စစ်မှူး ဆာလာက ‘ ကျနော် တကယ်ကို စိတ်ပျက်မိပါတယ်။ ဒီအတွက်လည်း ဆင်ခြေပေးစရာ မရှိတော့ပါဘူး။ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ကြိုးစားဖို့ ကျနော်တို့မှာ အစစအရာရာ ရှိခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ကျနော်တို့က လီဗာပူးပါ။ အနိမ့်ဆုံး အဆင့်လောက်က ချန်ပီယံလိဂ်မှာ ပါဝင် ယှဉ်ပြိုင်နိုင်ရေး ဖြစ်ပါတယ်။ ကျနော် စိတ်မကောင်းပါဘူး။ အကောင်းမြင်တဲ့ ပိုစ့်ရေးဖို့ ဒါမှမဟုတ် စိတ်ဓါတ်ပိုင်း မြှင့်တင်မှု လုပ်ဖို့က သိပ်စောလွန်းပါသေးတယ်။ ကျနော်တို့ ကိုယ့်ဘာသာ အခုလို နိမ့်ပါးစေခဲ့တာပါ ‘ လို့ ရေးသားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ နောက်ဆုံးအကြိမ် ယူရိုပါလိဂ်မှာ ပါဝင်ယှဉ်ပြိုင်ထားစဉ်က ဖိုင်နယ်ထိ တက်ရောက်နိုင်ခဲ့ပေမယ့် ဆီးဗီးလာကို အရေးနိမ့်ခဲ့တာပါ။ လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ လီဗာပူးက ချန်ပီယံဖြစ်ဖို့ အခုတည်းက ရေပန်းစားနေပြီ ဖြစ်ပါတယ်။
Sports Home Time မှ သတင်း၊ ဆောင်းပါးများကို ပြန်လည် ကူးယူ ဖော်ပြခြင်း လုံးဝ မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား။