အာဆင်နယ်အသင်းဟာ ဒီနွေမှာတော့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း ၂၀၀ ထိ အသုံးစရိတ် ထုတ်သွားတော့မှာပါ။
ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ၂ ရပ်ကို ယှဉ်ပြိုင်ဖို့အတွက် အာဆင်နယ်ရဲ့ လူစာရင်းဟာ သေးငယ်သလို အတွေ့အကြုံ နည်းပါးနေပါတယ်။ ဒါကြောင့် ကစားသမားသစ် ၄ ဦး ၅ ဦးလောက်ထိ ခေါ်ယူဖို့ကို အာတီတာက ရည်မှန်းထားပါတယ်။
The Athletic မှ သတင်းထောက် David Ornstein ကတော့ ” အာဆင်နယ်ဟာ ဒီနွေမှာ တိုက်စစ်မှူးသစ် တစ်ဦး လက်မှတ်ထိုးမှာ မဟုတ်ပါဘူး။ ၎င်းတို့က ကွင်းလယ်နဲ့ ခံစစ်ပိုင်းကိုပဲ အားဖြည့်မှာပါ ” လို့ ဖော်ပြလာပါတယ်။
အာဆင်နယ်ဟာ ဒီနွေမှာ ရှာကာကို ယူရို ၁၅ သန်းဖြင့် လက်လွတ်မှာဖြစ်ပြီး ကွင်းလယ်လူသစ် ၂ ဦး ပြန်လည် ခေါ်ယူမှာပါ။ ဒီကလန်ရိုက်စ်နဲ့ ကိုင်ဆီဒိုတို့က နာမည် အထွက်ဆုံး ဖြစ်ပေမယ့် မေဆန်မောင့်ကိုလည်း မန်ယူနိုက်တက်၊ လီဗာပူးနဲ့အပြိုင် ချိန်ရွယ်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဂွမ်ဒိုဂန်ကိုလည်း မျက်စိကျနေပါတယ်။
ခံစစ်အတွက်တော့ တီယာနေးကို ရောင်းထုတ်နိုင်ပြီး ၎င်းနေရာမှာ ကန်ဆယ်လိုကို ခေါ်ယူဖို့ ရည်မှန်းနေတယ်။ ဒါ့အပြင် ပဲလေစ့်မှ အင်္ဂလန်သား လူငယ်ခံစစ်မှူး ဂူဟီကိုလည်း မျက်စိကျနေတယ်လို့ သိရပါတယ်။
ဒီနွေအတွင်း အာဆင်နယ် ရောင်းချမယ့် ကစားသမားတွေထဲမှာ ရှာကာအပြင် စမစ် ရိုးလည်း ပါဝင်မှာပါ။ ဒါ့အပြင် နစ်ကိုးလပ်စ် ပီပီ၊ မစ်လန်းနိုင်းစ်၊ ဘာလိုဂန်၊ လိုကွန်ဂါ၊ ဆီဒရစ် ဆောရက်စ်၊ နူနို တာဗာရက်စ် စ တဲ့ ကစားသမားတွေလည်း အရောင်း စာရင်း ဝင်လာပါမယ်။
သက်တော်ရှည် ကစားသမား ရော့ဘ် ဟိုးဒင်းလည်း ဒီနွေမှာ အသင်းကနေ ထွက်ခွာရဖွယ် ရှိပါတယ်။