မန်စီးတီးက ပရီးမီးယားလိဂ်ကို ၃ ရာသီဆက် အောင်မြင်ပြီးတဲ့နောက် လာမယ့်ရာသီ သူတို့ကို ယှဉ်ပြိုင်နိုင်မယ့် ကလပ်က များများစားစား မရှိဘူးလို့ ဂယ်ရီနဗီးက မြင်ပါတယ်။
မန်စီးတီးနဲ့ အာဆင်နယ်တို့ဟာ ပရီးမီးယားလိဂ် ဖလားကို ကာလရှည် ယှဉ်ပြိုင်ခဲ့ပေမယ့် ဒီလထဲမှာတော့ မန်စီးတီးက သိသိသာသာ အသာရသွားခဲ့တာပါ။ လာမယ့်ရာသီမှာ အာဆင်နယ် အပြင် ချယ်ဆီး၊ မန်ယူနိုက်တက်တို့ကလည်း ပြန်လည် ယှဉ်ပြိုင်လာမှာ ဖြစ်ပေမယ့် စီးတီးရဲ့ အဓိက ပြိုင်ဘက်က တစ်သင်းတည်း ရှိပါတယ်။
အဆိုပါ အသင်းကတော့ ၆ ရာသီအတွင်း မန်စီးတီးကို ကျော်ဖြတ်ပြီး ချန်ပီယံ ဖြစ်ခဲ့တဲ့ လီဗာပူးအသင်းပဲဖြစ်ပြီး ကလော့ပ်ရဲ့ အသင်းဟာ ဂွာဒီယိုလာရဲ့ မန်စီးတီး ကြီးစိုးမှုကနေ ဖောက်ထွက်လို့ ပရီးမီးယားလိဂ်၊ အက်ဖ်အေ၊ ကာရာဘောင်း၊ ချန်ပီယံလိဂ်နဲ့ ကွန်မြူနတီဒိုင်း အားလုံးကို အောင်မြင်ထားခဲ့ပါတယ်။
လာမယ့်ရာသီ ပရီးမီးယားလိဂ် စိန်ခေါ်မှုနဲ့ ပတ်သက်ပြီး ဂယ်ရီနဗီးက ” စီးတီးလို လုပ်နိုင်ဖို့ဆိုရင် မန်နေဂျာကောင်း တစ်ယောက်နဲ့ ကောင်းမွန်တဲ့ အစုအဖွဲ့ တစ်ခု ရှိနေဖို့ လိုပါတယ်။ အခြားသော အသင်းတွေက သူတို့လို ဖြစ်လာဖို့ ရည်မှန်းချက် ထားနေရမှာပါ။
ကုန်ခဲ့တဲ့ ၅ နှစ်၊ ၆ နှစ် အတွင်းမှာ မန်စီးတီးကို ယှဉ်ပြိုင်နိုင်ကြောင်း သက်သေပြထားတဲ့ တစ်သင်းတည်းသော ကလပ်က လီဗာပူးပါပဲ။ ဒီနှစ်မှာ အာဆင်နယ်က မန်စီးတီးနဲ့ အနီးဆုံးကို ရောက်ခဲ့ပေမယ့် လက်ရှိ အချိန်မှာ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးကပဲ ဂွာဒီယိုလာရဲ့ စီးတီးနဲ့ အနီးစပ်ဆုံး ရောက်နိုင်ခဲ့တယ်လို့ ပြောရပါမယ်။
ဒီရာသီမှာ လီဗာပူးက သူတို့ရဲ့ အဆင့်အတန့် အောက်ကို ကျဆင်းသွားပေမယ့် လာမယ့်ရာသီ သူတို့ ပြန်လာမှာပါ ဘာလို့လဲဆိုတော့ သူတို့ လုပ်နိုင်တာကို ပြီးခဲ့တဲ့ ရာသီတွေကလည်း သက်သေပြထားပြီးပါပြီ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန် အစဉ်အလာ ကလပ်တွေဟာ အင်အားပြန်တောင့်တင်းလာကြပြီမို့ လာမယ့်ရာသီမှာတော့ အမှတ်ပေးဖလားကို စိန်ခေါ်မယ့် ကလပ်တွေက ပိုများလာဖွယ် ရှိနေတာပဲ ဖြစ်ပါတယ်။
Sports Home Time မှ သတင်း၊ ဆောင်းပါးများကို ပြန်လည် ကူးယူ ဖော်ပြခြင်း လုံးဝ မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား။