နော်တင်ဟမ်ဖောရတ်ကို အာဆင်နယ် အရေးနိမ့်ခဲ့တာကြောင့် ပက်ဂွာဒီယိုလာဟာ မန်စီးတီးနည်းပြအနေနဲ့ နောက်ထပ် ပရီးမီးယားလိဂ်ဖလားတစ်လုံး ထပ်ရသွားပြီ ဖြစ်ပါတယ်။
၂၀၁၆ မှာ သူမရောက်လာခင်တည်းက စီတီဇန်တွေဟာ ပရီးမီးယားလိဂ်ဘီလူးတွေ ဖြစ်နေခဲ့တာဆိုပေမယ့် ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်ကို စီးတီးရဲ့အပိုင်ဖြစ်အောင် ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂လလောက်က စီးတီးဟာ အာဆင်နယ်နောက်ကနေ ၈မှတ်အကွာနဲ့ လိုက်နေခဲ့ပေမယ့် နောက်ပိုင်းမှာ ရပ်တန့်လို့မရ ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီမှာ စပါးကို နောက်ဆုံးရှုံးပြီးကတည်းက ဆက်တိုက် အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဂွာဒီယိုလာဟာ အခုဆိုရင် နောက်ဆုံး ၆နှစ်အတွင်း ပရီးမီးယားလိဂ် ၅ကြိမ် ရခဲ့ပြီဖြစ်ပြီး ၃နှစ်ဆက် ဖလားယူနိုင်ခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ စံချိန်ကိုလည်း လိုက်မီခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ စီးတီးမှာ ဂွာဒီယိုလာရရှိခဲ့တဲ့ တစ်ခုတည်းသော စံချိန်မဟုတ်ပါဘူး။
စီးတီးနည်းပြဘဝမှာ သူချိုးခဲ့တဲ့ စံချိန်တွေထဲမှာ တစ်ရာသီအတွင်း အမှတ်အများဆုံး (၂၀၁၇-၁၈ ရာသီ အမှတ် ၁၀၀)၊ တစ်ရာသီအတွင်း ဂိုးအများဆုံး (၂၀၁၇-၁၈ ရာသီ ၁၀၆ ဂိုး)၊ ၃၈ပွဲ တစ်ရာသီအတွင်း ဂိုးကွာခြားချက် အကောင်းဆုံး (၂၀၁၇-၁၈ ရာသီ + ၇၉ဂိုး) တို့ ပါဝင်ပါတယ်။
ဂွာဒီယိုလာဟာ ၂၀၂၀-၂၁ ရာသီမှာ ပရီးမီးယားလိဂ် ဆက်တိုက် နိုင်ပွဲအများဆုံး အဖြစ် ၂၁ ပွဲ စံချိန်တင်ထားပြီး ၂၀၂၁ မှာ အဝေးကွင်းဆက်တိုက် နိုင်ပွဲအများဆုံး အဖြစ် ၁၂ ပွဲ စံချိန်တင်ထားပါတယ်။
ဒါ့အပြင် ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ် နိုင်ပွဲ ၁၀၀၊ နိုင်ပွဲ ၂၀၀ ကို အမြန်ဆုံး ပြည့်မြောက်သူလဲဖြစ်ပြီး အမြန်ဆုံး အမှတ် ၅၀၀ ပြည့်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဂွာဒီယိုလာဟာ ဒီရာသီမှာ သမိုင်းဝင် ဖလားသုံးလုံး ရဖို့လည်း နီးစပ်နေပါပြီ။
ပရီးမီးယားလိဂ်ဖလား အနိုင်ရလိုက်ပြီးတဲ့နောက် အခု မန်စီးတီး အာရုံစိုက်ရမှာက မန်ချက်စတာ ယူနိုက်တက်နဲ့ ကစားရမယ့် အက်ဖ်အေဖလားဖိုင်နယ်၊ အင်တာမီလန်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဖိုင်နယ်တို့ပဲ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်နဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက “ ကျွန်တော်တို့ဟာ အကောင်းဆုံး အသင်းတစ်သင်းအဖြစ် သတ်မှတ်ခံချင်ရင် ချန်ပီယံလိဂ် အောင်မြင်ဖို့ လိုပါတယ်။ မဟုတ်ရင် မရပါဘူး။ ကျွန်တော့်အမြင်က ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ဒါပေမယ့် တကယ့် စာအုပ်ကြီးအတိုင်း ပြောနိုင်ဖို့အတွက်ဆိုရင် ချန်ပီယံလိဂ်ရမှ ဖြစ်မှာပါ ” လို့ ပြောဆိုခဲ့ပါတယ်။
Sports Home Time မှ သတင်း၊ ဆောင်းပါးများကို ပြန်လည် ကူးယူ ဖော်ပြခြင်း လုံးဝ မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျား။