လီဗာပူးအသင်းဟာ ဘရိုက်တန်အသင်း ကွင်းလယ်လူ အယ်လစ္စတာကို ခေါ်ယူရေးအတွက် သဘောတူညီမှု ရခဲ့ပြီလို့ အာဂျင်တီးနား သတင်းဌာနတွေက ဖော်ပြပါတယ်။
ကိတ်တာ၊ ချိန်ဘာလိန်၊ မီလ်နာတို့ ထွက်ခွာသွားမယ့် ကွင်းလယ်အတွက် လီဗာပူးအသင်းက လူသစ် အင်အားဖြည့်မှာဖြစ်ပြီး ကွင်းလယ်လူ ၃ ဦးလောက်ထိ ခေါ်ယူမယ်လို့ သတင်းကြီးထားတာပါ။ လီဗာပူး ပစ်မှတ်တွေကတော့ ဘရိုက်တန်မှ အယ်လစ္စတာ၊ ချယ်ဆီးမှ မောင့်နဲ့ ဘိုင်ယန်မြူးနစ်မှ ဂရာဗင်ဘက်ချ်တို့ ဖြစ်ပါတယ်။
အာဂျင်တီးနား သတင်းဌာန TyC Sports ကတော့ လီဗာပူးဟာ ကမ္ဘာ့ဖလား ချန်ပီယံကို ရာသီအကုန်မှာ ခေါ်ယူနိုင်ရေး အပြီးသတ် ကိစ္စတွေကို လုပ်ဆောင်နိုင်ခဲ့ပြီလို့ ဖော်ပြခဲ့တယ်။ ကွင်းလယ်လူအတွက် လီဗာပူးပေးမယ့် ပြောင်းရွှေ့ကြေးက ပေါင် သန်း ၇၀ လို့လည်း ဖော်ပြပါတယ်။

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားတင် မကဘဲ ဒီရာသီ ဒီဇာဘီရဲ့ အသင်းမှာ အထူးခြေစွမ်းပြနေတဲ့ အယ်လစ္စတာဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀ ဂိုး ရထားတာပါ။ သူဟာ ၂၀၁၉ ဇန်နဝါရီက အာဂျင်တီးနားကလပ် အာဂျင်တီနိုစ့် ဂျူနီယာကနေ ဘရိုက်တန်ကို ပေါင် ၇ သန်းနဲ့ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။
ဘရိုက်တန် ကွင်းလယ် နှစ်လုံးသားအဖြစ် ကိုင်ဆီဒို၊ အယ်လစ္စတာ အတွဲက အတော်လေး ခြေစွမ်းပြခဲ့ပေမယ့် ဒီနွေမှာတော့ နှစ်ဦးလုံးက ထွက်ခွာသွားတော့မှာပါ။
လီဗာပူးအသင်းဟာ အယ်လစ္စတာ ကိစ္စ ပြီးမြောက်ခဲ့ပြီးရင်တော့ ချယ်ဆီးမှ မေဆန်မောင့်ကို ခေါ်ယူရေးကို ဆက်လက် အားထုတ်လာဖို့ ရှိပါတယ်။ ချယ်ဆီးကတော့ မန်နေဂျာသစ်က မောင့်ကို အလိုရှိခဲ့မယ်ဆိုရင် ဆက်ထိန်းထားဖို့ ရည်ရွယ်ပေမယ့် စာချူပ်က တစ်နှစ်ပဲ ကျန်တော့တာ ဖြစ်ပါတယ်။
