လူကာမိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၄ ခုနှစ် မတိုင်ခင်အထိ စာချုပ် သက်တမ်းတိုးသွားမှာ ဖြစ်ပါတယ်။ သူဟာ ရီးရဲလ်မှာ ဆက်နေချင်တာကြောင့် ဆော်ဒီကနေ ပမာဏများစွာနဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့တာပါ။
အဲဗာတန်ဟာ နောက်အပတ်ထဲမှာ အသင်းပိုင်ရှင်အသစ် လက်အောက်ကို ကျရောက်နိုင်ပြီး 777 ပါတနာတွေဟာ ပေါင်သန်း ၆၀၀တန် စာချုပ်နဲ့ မာဆေးဆိုဒ်အသင်းကို ဝယ်ယူတော့မှာဖြစ်ပါတယ်
အလက်ဆန်ဒရို ဘာစတိုနီဟာ ရက်ပိုင်းအတွင်းမှာ အင်တာမီလန်နဲ့ ၂၀၂၈ မတိုင်ခင်အထိ စာချုပ်သစ် ချုပ်ဆိုမှာဖြစ်ပြီး ကယ်ဟာနိုဂလူကတော့ ၂၀၂၇ အထိ စာချုပ် သဘောတူညီမှု ရပြီး ဖြစ်ပါတယ်။
ပီအက်စ်ဂျီဟာ ယခင်နွေရာသီမှာ ဘာနာဒိုဆေးဗားကို မခေါ်ယူနိုင်ခဲ့တဲ့နောက် ဒီနွေမှာ ထပ်မံပြီး ကမ်းလှမ်းမှု လုပ်သွားမှာပါ။ ဒါပေမယ့် သူတို့ဟာ ဘဏ္ဍာရေးပြဿနာတွေနဲ့ ရုန်းကန်နေရတာကြောင့် ပေါင်သန်း ၇၀တန် စီးတီးကွင်းလယ်လူကို ခေါ်ချင်ရင် ရောင်းထုတ်မှုတွေ အရင်ဆုံးလုပ်ရမှာပါ။
ဘာစီလိုနာဆီက စိတ်ဝင်စားမှုကို ရထားပေမယ့် ဘိုင်ယန်မြူးနစ်ဟာ ဂျိုရှူဝါ ကင်မစ်ချ်ကို ရောင်းချသွားမှာ မဟုတ်သလို ဆွေးနွေးညှိနှိုင်းပေးဖို့လည်း ဆန္ဒ မရှိနေပါဘူး။
ချယ်ဆီးဟာ သူတို့ရဲ့ ကလပ်ပေါင်းစုံစီမံကိန်းအရ ပြင်သစ်ကလပ် စထရာ့ဘော့ရဲ့ ရှယ်ယာတစ်ခုကို ဝယ်ယူဖို့ စတင်တော့မှာပါ။ ဒီအရောင်းအဝယ်ရဲ့တန်ကြေးဟာ စထရော့ဘော့ရဲ့ တန်းဆင်း၊ မဆင်း ရလဒ်အပေါ် မူတည်ပြီး ၎င်းတို့ဟာ လက်ရှိ ၃ပွဲ ကျန်ချိန်မှာ တန်းဆင်းဇုန်နဲ့ ၅မှတ် ကွာဟနေတာဖြစ်ပါတယ်။

ချယ်ဆီးဟာ ချန်ပီယံလိဂ်ဖိုင်နယ် မပြီးခင်အထိ လူကာကူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမှာ မဟုတ်ပါဘူး။ နည်းပြသစ်ဖြစ်လာမယ့် ပိုချက်တီနိုဟာ လူကာကူနဲ့ တွဲလုပ်ချင်နေပေမယ့် လူကာကူကတော့ စီးရီးအေမှာ ဆက်နေချင်နေတာပါ။
လေဗာကူဆင်နည်းပြ ဇာဘီအလွန်ဆိုဟာ နောက်ရာသီမှာ ကလပ်ကနေ ထွက်ခွာဖို့ ကောလာဟလတွေကို ငြင်းပယ်ခဲ့ပြီး အနည်းဆုံး နောက်နှစ်အထိ သက်တမ်းရှိနေတဲ့ စာချုပ်ကုန်တဲ့အထိ ဂျာမနီမှာ ဆက်နေမယ်လို့ ပြောဆိုခဲ့ပါတယ်။
ဖာမင်နို၊ ချိန်ဘာလိန်၊ နာဘီကီတာနဲ့ ဂျိမ်းစ်မီနာတို့ဟာ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာသွားမှာဖြစ်ကြောင်း လီဗာပူးက ကြေညာလိုက်ပါတယ်။
ရောဘတ် ဆန်းချက်ဟာ ဘရိုက်တန်ရဲ့ လေ့ကျင့်ရေးမှာ မရှိပဲ အသင်းရဲ့ လှုပ်ရှားမှုတွေကနေ သူ့ဘာသူ နုတ်ထွက်ထားတယ်လို့ နည်းပြ ဒီဇာဘီက ပြောပြခဲ့ပါတယ်။ သူတို့ရဲ့ ဆက်ဆံရေးကို မပြင်ဆင်နိုင်ရင် နွေရာသီမှာ ဂိုးသမားအနေနဲ့ ထွက်ခွာသွားနိုင်ခြေရှိပါတယ်။
အာဆင်နယ်ဟာ ကန်ဆယ်လိုကို ခေါ်ဖို့ စိတ်ဝင်စားနေပေမယ့် မန်စီးတီးက ဒီနှစ်မှာ အရောင်းအဝယ်လုပ်ဖို့ စိတ်မဝင်စားပါဘူး။
ဘာစီလိုနာ အားကစားဒါရိုက်တာ မာတီယူ အလီမာနီဟာ အက်စ်တွန်ဗီလာထံ ပြောင်းဖို့ နှုတ်အားဖြင့် သဘောတူညီမှုရခဲ့တယ်ဆိုပေမယ့် ဘာလက်မှတ်မှ မထိုးဖြစ်ခဲ့ပါဘူး။ ဘာဆာကနေ ထွက်ခွာဖို့ တရားဝင်ကြေညာပြီးနောက်မှာ သူ့စိတ်ကို ပြောင်းလိုက်ပြီးနောက် အသင်းမှာပဲ ဆက်နေတော့မှာ ဖြစ်ပါတယ်။
