ရီးရဲလ်မက်ဒရစ်ခေတ် ကုန်သွားပြီးလား မေးခွန်းကို မျက်ရည်တွေကြားက ပြန်ဖြေတဲ့ မိုဒရစ်

ဥရောပ ဘုရင်ကြီး အဖြစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မင်းမူပြီး ဆုဖလား ၁၄ ကြိမ်ထိ ရယူထားတဲ့ ရီးရဲလ်မက်ဒရစ်ဟာ မနေ့ညက အီတီဟက်မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးကို ၄-၀ နဲ့ ဂိုးပြတ် ခြေပြတ် အရေးနိမ့်ပြီး ဆီမီးဖိုင်နယ်ကနေ လှည့်ပြန်ရပြီ ဖြစ်ပါတယ်။

ဒီနောက်ပိုင်းနှစ်တွေမှာ အဘက်ဘက် ကျဆင်းလာခဲ့ကာ လာလီဂါမှာလည်း ဘာစီလိုနာကို ရမှတ်တွေ အများကြီး ပြတ်ကျန်နေခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာတော့ သမ္ဘာနဲ့ အသာစီး ရယူထားလေ့ ရှိတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဒီတကြိမ်မှာတော့ လုံးဝ အစွယ်ချိုးခံလိုက်ရပါတယ်။

စီးတီးကို ဂိုးပြတ်ရှုံးတဲ့ ဒီပွဲက ရီးရဲလ်မက်ဒရစ် တစ်ခေတ် အဆုံးသတ်စေခဲ့ပြီလားလို့ ပွဲအပြီး မေးမြန်း ခံခဲ့ရရာ ရီးရဲလ် ကွင်းလယ်လူ လူကာ မိုဒရစ်က အခုလို တုန့်ပြန် ဖြေကြားခဲ့ပါတယ်။

” ဒီည မန်စီးတီးနဲ့ ပွဲမှာ ဘာဖြစ်သွားတာလဲ? ကျနော်တို့ ခြေစွမ်း မကောင်းခဲ့လို့ပါ၊ ရိုးရိုးလေးပါပဲ။ ကျနော်တို့ ပိုပြီးကောင်းတဲ့ပွဲ၊ မတူညီတဲ့ ပွဲမျိုး ကစားစေချင်ခဲ့ပါတယ်။ ဒါပေမယ့် စီးတီးက အရမ်းကို ရှေ့ရောက်နေတယ်။ ဒါပါပဲ။ ” လို့ မိုဒရစ်က မျက်ရည်အဝဲသားနဲ့ ဖြေခဲ့ပါတယ်။

” ရီးရဲလ်ခေတ် အဆုံးသတ်ပြီလား? ကျနော်တို့ စောင့်ကြည့်ရပါမယ်။ အနာဂတ် ကိစ္စတွေ ကျနော် မပြောချင်ပါဘူး။ ဘာဖြစ်လာမလဲ ဆိုတာပဲ စောင့်ကြည့်ရအောင်ပါ။ ” လို့ အသက် ၃၇ နှစ် အရွယ် ဝါရင့် ကွင်းလယ်လူက ပြောဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် ပရိသတ် တော်တော်များများကတော့ နောက်နှစ်မှာ လူကာ မိုဒရစ်၊ တိုနီ ခရူးစ်တို့ထက် ပိုပြီး ငယ်ရွယ်တဲ့ ကစားသမားတွေကို နေရာပေး ကစားစေဖို့ တိုက်တွန်း တောင်းဆိုနေကြပြီ ဖြစ်ပါတယ်။