မန်ချက်စတာယူနိုက်တက် အပယ်ခံတွေအဖြစ်မှ ချန်ပီယံလိဂ် ဖိုင်နယ်ထံသို့ တက်လှမ်းသွားသူ ၃ ဦး

အင်တာမီလန်အသင်းဟာ မနေ့ညက ဆီမီးဖိုင်နယ် ဒုကျော့မှာ မြို့ခံပြိုင်ဘက် အေစီမီလန်ကို ၁-၀ နဲ့ ထပ်မံ အနိုင်ယူခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၃-၀ နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ရဲ့ မရဏ အုပ်စုမှာ ကျရောက်ခဲ့ပေမယ့် ထိုက်တန်တဲ့ ခြေစွမ်းတွေနဲ့အတူ ဗိုလ်လုပွဲတက်သွားတဲ့ အင်တာမီလန် အသင်းမှာ တချိန်က ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်မှ ရောင်းထုတ်လိုက်သူတွေ ဖြစ်တဲ့ မီခီတာရန်၊ ဒါမီးယန်းနဲ့ လူကာကူတို့ ပါဝင်နေပါတယ်။

ဒီ ၃ယောက်လုံးဟာ မန်ချက်စတာ ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရသူတွေ ဖြစ်ပြီး မအောင်မြင်နိုင်တဲ့ ကစားသမားတွေ အဖြစ် သုံးသပ်ခံခဲ့ရကာ ရောင်းထုတ် ခံခဲ့ရသူတွေ ဖြစ်ပါတယ်။

မန်ချက်စတာ ကလပ်က ယူရိုပါလိဂ်မှာ ကျင်လည်ပြီး ထိုပြိုင်ပွဲကနေတောင် ထွက်ရတဲ့ ရာသီမှာ ယူနိုက်တက်ရဲ့ အစွန့်ပစ်ခံ ကစားသမားတွေက အခုလို ဥရောပ ဗိုလ်လုပွဲ တက်သွားတဲ့ထိ ပြောင်းလဲသွားတဲ့ အပေါ် ပရိသတ်တွေက အခုလို တုန့်ပြန် မှတ်ချက်ပေးနေကြပါတယ်။

mehdi_boukous : လူကာကူ၊ မီခီတာရန်နဲ့ ဒါမီးယန်းတို့ အကုန်လုံး မန်ချက်စတာ ယူနိုက်တက် မတိုင်ခင် ချန်ပီယံလိဂ် ဖိုင်နယ် တက်သွားပြီ ကိုယ့်လူတို့ရေ..

William : ဟုတ်ပါ့ကွာ.. ဒီကောင်တွေက ငါတို့ အသင်းနဲ့တုန်းကကျ တကယ့် ဂျင်းတွေလေ။

Red army : ယူနိုက်တက် ရှင်းထုတ်ခဲ့တဲ့ကောင်တွေက ယူနိုက်တက်မှာသာ မဟန်တာ၊ အခုကျ ချန်ပီယံလိဂ် ဖိုင်နယ်တဲ့ကွာ။

David Yaraba Man-utd Koroma : အင်တာမီလန် အတွက် ကစားနေတာ သူတို့ချည်းပဲလားကွာ။ ဒီထဲက ဖန်တချို့ကပဲ သူတို့ကို အသင်းကနေ ထွက်သွားဖို့ တောင်းဆိုခဲ့ကြတာလေ။ အသင်းကနေ ထွက်သွားမှတော့ သူတို့ကို ဂွတ်လပ်ခ် လို့ပဲ ဆုတောင်းပေးကြတာပေါ့။