ရီးရဲလ်မက်ဒရစ်နဲ့ ဒုတိယအကျော့မှာ ဟာလန်း ဂိုးသွင်းနိုင်မယ့် အကြောင်း ဂွားဒီယိုလာ ထုတ်ပြော

ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အေလင်း ဟာလန်း တောက်ပလိမ့်မယ်၊ ဂိုးသွင်းနိုင်လိမ့်မယ်လို့ ပက်ဂွာဒီယိုလာက ထောက်ခံလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ် နောက်ခံလူ အန်တိုနီယို ရူဒီဂါဟာ ပထမအကျော့မှာ မန်စီးတီး တိုက်စစ်မှူး ဟာလန်းကို အနီးကပ် ထိန်းထားနိုင်ခဲ့တာဖြစ်လို့ ဟာလန်းတစ်ယောက် အဲ့ဒီ့ပွဲမှာ လှုပ်လို့မရအောင် ဖြစ်ခဲ့ပြီး ဘောလုံးထိချက် ၂၁ကြိမ်သာ လုပ်နိုင်ခဲ့ပါတယ်။

မက်ဒရစ်နဲ့အတွေ့မှာ ဟာလန်းရဲ့ ခြေစွမ်းပျောက်ရှခဲ့ပေမယ့် ဒုတိယအကျော့မှာတော့ ပုံမှန်စွမ်းဆောင်ရည်ကို ပြန်လည်မြင်တွေ့ရမယ်လို့ ဂွာဒီယိုလာက ယုံကြည်နေပါတယ်။

“ ရူဒီဂါကို ဂုဏ်ပြုပါတယ်။ ဒါပေမယ့် ဟာလန်းက ၂၂ နှစ်ပဲရှိသေးပြီး ဒါက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ သူပထမဆုံး ကစားဖူးတာဆိုတာ ကျွန်တော်တို့ မေ့ထားလို့မရဘူး။

ဘာနေဗျူးလို အကြီးမားဆုံး ကွင်းတစ်ကွင်းကို ပထမဆုံးအကြိမ် သွားရောက်ပြီး နောက်ခံလူကောင်းတွေ၊ ကွင်းလယ်လူကောင်းတွေ၊ တိုက်စစ်မှူးကောင်းတွေရှိတဲ့ ထိပ်တန်းအဆင့် အသင်းတစ်သင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ နောက်တစ်ကြိမ်ကျရင်တော့ သူ့အတွက် နည်းနည်းပိုပြီး လွယ်ကူသွားပါလိမ့်မယ်။

ဗုဒ္ဓဟူးနေ့မှာ ကျွန်တော်တို့ စဉ်းစားထားတဲ့အတိုင်း တချို့ အပိုင်းတွေမှာ ပိုကောင်းအောင် ကစားနိုင်ရင် သူ့အတွက် ဂိုးရဖို့ ပိုလွယ်ကူစေမှာပါ။ သူက အများကြီး ကြိုးပမ်းခဲ့တယ်၊ မက်ဒရစ်မှာ သူလုပ်ဖို့လိုခဲ့တဲ့ အရာအပေါ်မှာ အာရုံစူးစိုက်မှုကို ပြသခဲ့တယ်။ နောက်ပွဲတွေအတွက် သူအဆင်သင့် ဖြစ်နေပြီလို့ ကျွန်တော် ယုံကြည်ပါတယ် ” ဆိုပြီး ပက်ဂွာဒီယိုလာက ပြောဆိုခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ မက်ဒရစ်မှာ လက်ရှိချန်ပီယံတွေနဲ့ တစ်ဂိုးစီ သရေရအောင် ကစားနိုင်ခဲ့ပါတယ်။ ဗီနီစီးယပ်ရဲ့ အံ့မခန်းဖွယ်ရာ သွင်းဂိုးက ပထမပိုင်းမှာ အိမ်ရှင်တွေအတွက် ဦးဆောင်နိုင်စေခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဒီဘရိုင်းက ချေပဂိုး ပြန်လည်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒုတိယအကျော့မှာ အနိုင်ရတဲ့အသင်းက ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်နိုင်မှာဖြစ်ပြီး မန်စီးတီးဖြစ်လာမယ်လို့ ရေပန်းစားနှုန်းကတော့ မြင့်မားနေခဲ့ပြီ ဖြစ်ပါတယ်။