မနက်က ချန်ပီယံလိဂ် သရေပွဲအပြီး မန်စီးတီးကို ပေါ်တင် နှိမ်ခဲ့တဲ့ ရီးရဲလ်ခံစစ်မှူး ရူဒီဂါ

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် မက်ဒရစ်မှာ ယှဉ်ပြိုင်ကစားတဲ့ ရီးရဲလ်နဲ့ မန်စီးတီးပွဲဟာ ၁-၁ ရလဒ် ထွက်ပေါ်ခြင်းနဲ့အတူ ဘယ်အသင်းက ဖိုင်နယ်တက်မလဲ အဆုံးအဖြတ်ကို ဒုတိယအကျော့မှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

မနက်ပွဲမှာ အငြင်းပွားစရာ ဖြစ်ရပ်တွေ အများကြီး ဖြစ်ခဲ့သလို မန်စီးတီး အသင်းသားအချို့ဟာ ကံနည်းနည်းကောင်းတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ ရီးရဲလ် နောက်ခံလူ ရူဒီဂါကတော့ ပထမအကျော့ ပွဲ အပြီးမှာ မန်စီးတီးက ထင်သလောက်လည်း မဟုတ်ပါဘူးလို့ မှတ်ချက်စကား ဆိုလာခဲ့ပါတယ်။

” သူတို့က ချေပဂိုးကို အတော် နောက်ကျမှ ရခဲ့တာ။ ဒီတော့ ကျနော်တို့ကတော့ ဂိုးတွေတောင် ပို သွင်းနိုင်ခဲ့သင့်တယ် ထင်နေတာပဲ။ ဒါက ပြသနာ မဟုတ်ပါဘူး။ ပွဲက မပြီးသေးဘူးလေ။ ကျနေ်ာတို့ မန်ချက်စတာကို ယုံကြည်မှုအပြည့်နဲ့ သွားမှာပါ။

တကယ်တမ်းကျ သူတို့က သိပ်ကြီး အန္တရာယ်ပေးနိုင်တဲ့ အသင်း မဟုတ်ပါဘူး။ သူတို့ ဘောလုံး ပိုင်ဆိုင်မှုတွေ အများကြီး ရှိခဲ့တယ်။ ဒါမျိုး ဖြစ်မယ် ကျနော်တို့ ကြိုသိခဲ့တာပဲ။ ဒါပေမယ့် သူတို့ ဘာမှ မခြိမ်းခြောက်နိုင်ခဲ့ဘူး။ ရသွားတဲ့ ဂိုးကလည်း ဒီဘရိုင်း အရည်အသွေးကြောင့်ပါ။ ” လို့ ရူဒီဂါက စီးတီး ခြေစွမ်းအား ပြောဆိုသွားခဲ့ပါတယ်။

ဘာနေဗျူးကွင်းမှာ အနိုင်ရလဒ်ကို မရယူနိုင်ခဲ့တာကြောင့် ဒုတိယအကျော့ အီတီဟက်ထံ သွားကစားချိန်မှာ ရီးရဲလ်က ပြိုင်ဘက်ကွင်းဆိုတဲ့ ဖိအားတွေ ရှိလာနိုင်ပါတယ်။ မနှစ်တုန်းက ဒီအဆင့်ကို သူတို့ ကျော်ဖြတ်ခဲ့စဉ်မှာ ဒုတိယအကျော့က အိမ်ကွင်းပွဲ ဖြစ်ခဲ့တာပါ။

ဒုတိယ အကျော့မှာ ရီးရဲလ်က မန်စီးတီးကို ဖြုတ်ချနိုင်မယ်လို့ ယုံကြည်ချက် ရှိသလား မေးမြန်းခံခဲ့ရရာ ရူဒီဂါက ” ကျနေ်ာတို့က ရီးရဲလ်မက်ဒရစ်လေ၊ ဒီတော့ ယုံကြည်မှု အမြဲ ရှိပါတယ်။ ” လို့ တုန့်ပြန်ခဲ့ပါတယ်။

ချယ်ဆီး ခံစစ်မှုးဟောင်းလည်း ဖြစ်တဲ့ ရူဒီဂါဟာ မနေ့ညက ပွဲမှာ အထင်ကြီးလောက်ဖွယ် ခြေစွမ်းပြသပြီး ဒီရာသီ စီးတီး အတွက် ၅၁ ဂိုး သွင်းထားတဲ့ ဟာလန်းကို အကောင်းဆုံး ဟန့်တားနိုင်ခဲ့ပါတယ်။