မန်စီးတီးရဲ့ သွင်းဂိုးဟာ VAR မှားပေးလိုက်တာ ဆိုတဲ့ သက်သေတွေ ထွက်ပေါ်လာ

အင်္ဂါနေ့ ချန်ပီယံလိဂ်ပွဲအဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒီဘရိုင်း သွင်းယူခဲ့တဲ့ သရေဂိုး မတိုင်ခင် ဘောလုံးက စည်းပြင်ကို ရောက်နေခဲ့ပြီးသား ဆိုတဲ့ သက်သေတွေ ထွက်ပေါ်လာပါတယ်။

ပထမပိုင်းမှာ ဂိုးဧရိယာထိပ်ကနေ သွင်းယူခဲ့တဲ့ ဗင်နီးဆီးယက်စ်ရဲ့ အဝေးကန်ချက်ဟာ ဂိုးထိပ်ထောင့်တည်းကို အပြင်း ဝင်ရောက်ပြီး ရီးရဲလ်ကို ဦးဆောင်ဂိုး ရစေခဲ့တာပါ။ ဒီကန်ချက်ဟာ ပထမပိုင်းမှာ ရီးရဲလ်အတွက် တစ်ကြိမ်တည်းသော ကန်ချက်ဖြစ်ပေမယ့် ဒုတိယပိုင်းမှာ ပိုမို လွှမ်းမိုး ကစားနိုင်ခဲ့ပါတယ်။

တိုက်စစ်ပိုင်း အပြောင်းအလဲကနေ ဒုတိယပိုင်းမှာပဲ ဒီဘရိုင်းကလည်း ဧရိယာထိပ်ကနေ အပြင်း ကန်သွင်းခဲ့ရာမှာ ကော်တွိုက်စ်ရဲ့ ထောင့်ကို အနိမ့်ဘော ဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ဒီဘရိုင်းရဲ့ သွင်းဂိုး မတိုင်ခင် ကစားကွက် တည်ဆောက်ချိန် မန်စီးတီး ကွင်းလယ်လူ ဘာနာတို ဘောလုံးထိန်းရာမှာ စည်းပြင်ကို ကျော်နေခဲ့တယ်လို့ အနားမှာ ရှိနေတဲ့ ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက ယုံကြည်ခဲ့တယ်။

ရီးရဲလ်နည်းပြက သွင်းဂိုးကို ခွင့်ပြုပေးခြင်းအတွက် ဒိုင်လူကြီးအား ဘောလုံးက မသွင်းခင်တည်းက ဘေးစည်းကို ထွက်သွားခဲ့ကြောင်း စောဒက တက်ခဲ့ပေမယ့် သူ့ရဲ့ အပြုအမှုအတွက် အဝါကဒ်ပဲ ပြသခံခဲ့ရပါတယ်။

အဆိုပါပွဲအပြီးမှာ beIN sports ရဲ့ 3D နည်းပညာ အသုံးပြုပြီး ဖြစ်ရပ်ကို ပြန်စစ်ဆေးမှု လုပ်ကြည့်ချိန်မှာ ဘောလုံးက ဘေးစည်းကို ကျော်နေခဲ့ကာ သွင်းဂိုးဟာ ပယ်ဖျက်ရမယ့် အနေထား ဖြစ်နေခဲ့ပါတယ်။

ဘာနာတို ဖြစ်ရပ်အပြီး စက္ကန့် ၂၀ အကြာမှ ဒီဘရိုင်းရဲ့ ကန်ချက်ကနေ ဂိုးရခဲ့ခြင်းဖြစ်ကာ VAR ဘက်က ဘောလုံး စည်းပြင် ထွက်ခဲ့ခြင်း ရှိ၊ မရှိ မစစ်ဆေးခဲ့တာက ရီးရဲလ်ကို နစ်နာစေခဲ့တာ ဖြစ်ပါတယ်။

ပွဲကို သုံးသပ်ပေးနေတဲ့ အာဆင်ဝင်းဂါးက မန်စီးတီး သွင်းဂိုးနဲ့ ပတ်သက်ပြီး ‘ ဒီအခြေအနေက VAR တွေမှာ ကြုံရလေ့ရှိတဲ့ အခြေအနေပါပဲ။ VAR က ပုံမှန်အားဖြင့် သွင်းဂိုး ဟုတ်သလား မဟုတ်ဘူးလား စစ်ဆေးလေ့ ရှိပါတယ်။ သွင်းဂိုး အနေအထားအတွက် သူတို့ ဝင်ပါရမှာ ဖြစ်ပါတယ်။

ဘောလုံး ထွက်သွားလား မထွက်သွားလား ကိစ္စကိုတော့ သူတို့ လုံလောက်တဲ့ အချိန်ထိ ပြန်စစ်ဆေးမှု မလုပ်ခဲ့ပါဘူး။ စစ်ဖို့ရာ အကြောင်းမရှိတာလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် VAR က ဂိုးလိုင်းကိုပဲ စစ်တာလေ၊ ဘေးစည်းကို ထွက်မထွက် သူတို့ မစစ်ပါဘူး ’ လို့ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။