ရီးရဲလ် vs မန်စီးတီးရဲ့ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်ကို အဆုံးအဖြတ်ပေးမယ့် အဓိက အားပြိုင်မှုကြီး (၃) ခု

ဒီနေ့ည ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့တဲ့အခါ မန်စီးတီးဟာ သမိုင်းဝင် ဖလားသုံးလုံး အောင်မြင်မှုအတွက် ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ပက်ဂွာဒီယိုလာရဲ့အသင်းဟာ ပရီးမီးယားလိဂ် ဇယားထိပ်မှာ အာဆင်နယ်ထက် တစ်မှတ်အသာနဲ့ ဦးဆောင်နေပြီး နောက်လ အက်ဖ်အေဖလားဖိုင်နယ်မှာ မန်ချက်စတာယူနိုက်တက်နဲ့တွေ့ရမှာဖြစ်ပေမယ့် မန်ချက်စတာ ကလပ်မှာ လိုအပ်နေသေးတဲ့ ဖလားကတော့ ချန်ပီယံလိဂ်ပဲ ဖြစ်ပါတယ်။

ယှဉ်ကြည့်မယ်ဆိုရင် သူတို့ရဲ့ စပိန်ပြိုင်ဘက်တွေဟာ နောက်ဆုံး ၁၀နှစ်အတွင်း ချန်ပီယံလိဂ် ၅ ကြိမ် အောင်မြင်ခဲ့ပါတယ်။ သူတို့နှစ်သင်း ထိပ်တိုက်တွေ့မယ့် ပွဲကြီးပွဲကောင်း မတိုင်ခင် အဓိက ယှဉ်ပြိုင်ရမယ့် တိုက်ပွဲ ၃ခု အကြောင်းကို ပြောပြပေးသွားပါမယ်။

ဗီနီစီးယပ် VS ဂျွန်စတုန်း

ဗီနီစီးယပ်ဟာ ရီးရဲလ်ရဲ့ အန္တရာယ်အရှိဆုံး ကစားသမားဖြစ်ပြီး ပြိုင်ပွဲစုံ ၂၂ ဂိုးသွင်း၊ ၂၁ ဂိုး ဖန်တီးပေးထားပါတယ်။ ကာလို အန်ဆလော့တီဟာ သူ့ရဲ့ ချဉ်းကပ်ပုံကို ပြောင်းလဲမှာ မဟုတ်ပါဘူး။ ဒါဆို ဂွာဒီယိုလာက ပြောင်းလဲမှာလား?

မန်စီးတီးဟာ ညာနောက်ခံလူ ဂျွန်စတုန်းကို သူကျွမ်းကျင်ပိုင်နိုင်တဲ့ နောက်ထပ် နေရာဖြစ်တဲ့ ကွင်းလယ်ကို ပို့ပါတယ်။ ဒါပေမယ့် ဗီနီစီးယပ်ကို ထိန်းချုပ်ဖို့ ဒီဗျူဟာကို သုံးလို့ရမှာလား။ ဒီထိန်းရခက်တဲ့ တောင်ပံကစားသမားကို လွှတ်ထားမယ်ဆိုရင်တော့ ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်သွားမှာပါ။

အန်တိုနီယို ရူဒီဂါ VS ဟာလန်း

ဟာလန်းကို ဘယ်လိုရပ်တန့်မလဲ? သူ့ကို ရုပ်ပိုင်းဆိုင်ရာနဲ့ပဲ ယှဉ်ပြိုင်တားဆီးရမယ်လို့ ပြောကြတယ်။ မီလီတာအိုက အဲ့အပိုင်းမှာ စိတ်ချရတဲ့ နောက်ခံလူတစ်ယောက်ပါ။ ဒါပေမယ့် ဒီပွဲမှာ သူပွဲပယ်ခံထားရတာက မက်ဒရစ်အတွက် ကြီးမားတဲ့ ထိုးနှက်မှုတစ်ခုပါပဲ။ သူ့အစား ရူဒီဂါ ဝင်ကစားရမယ်။ ဒုတိယအကျော့မှာ မီလီတာအို ပြန်မလာခင်အထိ ရူဒီဂါက ဟာလန်းကို ကြမ်းကြမ်းတမ်းတမ်း ထိန်းချုပ်ခုခံဖို့ လိုအပ်ပါလိမ့်မယ်။

ဒါနီ ကာဗာဟယ် VS ဂျက်ဂရီးလစ်ရှ်

ဂရီးလစ်ရှ်က လိဒ်စ်နဲ့ပွဲမှာ ချန်လှပ်ခံခဲ့ပေမယ့် အရေးကြီးပွဲတွေဆိုရင် သူက ဦးစားပေးလူစာရင်းထဲ ပါနေကျပါ။ မနှစ်က ဘာနေဗျူးမှာ ကစားတဲ့ပွဲအတွင်း သူ့အနေနဲ့ အနည်းဆုံး ၂ဂိုးလောက် ရနိုင်စရာ ရှိခဲ့ပေမယ့် အချိန်ပိုမှာ ကာဗာဟယ်ရဲ့ ဖြတ်တင်ဘောက စီးတီးကို ဖြုတ်ချသွားခဲ့တာပါ။ စပိန်မှာ နောက်ထပ် စိတ်လှုပ်ရှားစရာဖြစ်မယ့် သတ်ပွဲတစ်ခုက စောင့်ကြိုနေပါတယ်။