ဒီတစ်ကြိမ် ချန်ပီယံလိဂ်မှာ ရီးရဲလ်ကို ဖြုတ်ချပစ်မှာလို့ စိန်ခေါ်လိုက်တဲ့ မန်စီးတီး အသင်းသား

မန်စီးတီးဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်သင်း မနှစ်တုန်းက ထိပ်တိုက်တွေ့ခဲ့ရာမှာတော့ မန်စီးတီးက ရှုံးနိမ့်ခဲ့တာပါ။

ဒါပေမယ့် ဒီတစ်ကြိမ် ဘာနေဗျူးကို သွားဖို့ရာမှာ မန်စီးတီးက အကြောက်တရား မရှိသလို အနိုင်ယူဖို့ ပြင်းပြထက်သန်မှုတွေဖြင့် သွားရောက်မှာ ဖြစ်တယ်လို့ ကွင်းလယ်လူ ဘာနာဒို ဆေးဗားက ဆိုလိုက်ပါတယ်။ ရီးရဲလ်ဟာ ဘန်ဇီမာ၊ မိုဒရစ်လို ကစားသမားကောင်းတွေ ရှိနေလို့ ဆုဖလားတွေ အောင်မြင်နေတာလို့လည်း သူက ပြောဆိုခဲ့ပါတယ်။

ဆေးဗားက ပြောရာမှာ “ မက်ဒရစ်က ဥရောမှာ အကြီးကျယ်ဆုံး အသင်းပါ။ သမိုင်းကြောင်းအရလည်း ခမ်းနားပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ချန်ပီယံလိဂ်မှာ အအောင်မြင်ဆုံးအသင်း ဖြစ်နေလို့ပါ။ ရီးရဲလ်ကို အနိုင်ယူဖို့ ခက်ခဲမှန်း သိထားပေမယ့်ဒီတစ်ကြိမ်မှာတော့ သူတို့ကို အနိုင်ယူဖို့ ကျနော်တို့ အဆင်သင့် ဖြစ်နေပါပြီ။

သူတို့က ရီးရဲလ်ဖြစ်နေတာနဲ့ သူတို့ ရင်ဘတ်မှာ ဘာတံဆိပ်ပဲ ပါပါပေါ့။ ကွင်းထဲက ကစားသမားတွေကပဲ အနိုင် အရှုံးကို ဆုံးဖြတ်ပေးတာပါ။ ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံလိဂ်ကို အကြိမ်ကြိမ် အနိုင်ရတာဟာ သူတို့မှာ မန်နေဂျာကောင်းနဲ့ ကစားသမားကောင်းတွေ ရှိနေတာကြောင့်ပါ။

သူတို့မှာ မိုဒရစ်၊ ခရုစ်၊ ဗင်နီးဆီးယက်စ်နဲ့ ဘန်ဇီမာတို့ မရှိကြည့်ပါလား သူတို့ ဘာမှ အနိုင်ရမှာ မဟုတ်ဘူး။ ဂျာစီနဲ့ သူတို့ရဲ့ အမှတ်တံဆိပ်က သူတို့ကို ဘာတစ်ခုမှ အနိုင်ရစေမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ကျနော်တို့မှာလည်း ထိပ်တန်း မန်နေဂျာနဲ့ ကစားသမားကောင်းတွေ ရှိနေပါတယ်။ ကျနော်တို့ အကောင်းဆုံး ကစားမှာပါ၊ ဘာအကြောက်တရားမှလည်း မရှိပါဘူး။ သူတို့က ထိပ်တန်းအသင်းမို့ လေးစားပါတယ်။ သူတို့လို အသင်းကို မလေးစားမှပဲ ကျနော်တို့က လူညံ့တွေ ဖြစ်ကုန်တော့မှာပါ ” လို့ ပြောဆိုသွားတာပဲ ဖြစ်ပါတယ်။

မန်စီးတီး vs ရီးရဲလ်မက်ဒရစ် အတွဲကနေ အနိုင်ရလာတဲ့ အသင်းဟာ ဖိုင်နယ်မှာတော့ အေစီမီလန် vs အင်တာမီလန် အတွဲမှာ အနိုင်ရလာတဲ့ အသင်းနဲ့ ဗိုလ်လုရမှာပါ။ ကလပ်တွေရဲ့ အင်အားတောင့်တင်းမှုအရ မန်စီးတီး vs ရီးရဲလ်မက်ဒရစ် ပွဲမှာ အနိုင်ရတဲ့ အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ဖလား အနိုင်ရမယ် ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။