အီတီဟက်မှာ အာဆင်နယ်ကို ၄-၁ ဖြင့် အနိုင်ယူပြီးနောက် မန်စီးတီး ကစားသမားတွေ အောင်ပွဲခံရင်း ပြိုင်ဘက်တွေကို နှုတ်ဆက် ထွက်ခွာနေချိန် ဖိုဒန်နဲ့ ဘမ်ဝှိုက်တို့ အချင်းများမှု ဖြစ်ခဲ့ပါတယ်။
ထရော့ဇက်ကို လက်ဆွဲနှုတ်ဆက်ပြီး ဖိုဒန်က ကွင်းထဲက ခွာဖို့ ခြေလှမ်းနေစဉ်မှာ ဘမ်ဝှိုက်က ပြေးလာခဲ့ပြီး ဂျာစီကို လည်ဂုတ်ကနေ ကိုင်ဆွဲခဲ့တာပါ။
ဖိုဒန်က အတင်း ပြန်တွန်းလွှတ်ခဲ့ပြီး အဆိုပါဖြစ်ရပ်ကို ဖြန်ဖြေပေးဖို့ နှစ်သင်း ကစားသမားတွေ ပြေးလာချိန် ဟာလန်းက ဘမ်ဝှိုက်ကို ဒေါသထွက်စွာ ပြန်လည် အော်ငေါက်နေခဲ့တာပါ။

မိနစ်ဝက်လောက် နှစ်သင်းကစားသမားတွေ စုအုံနေမှု ဖြစ်ခဲ့ကြပေမယ့် မကြာခင်မှာတော့ လူစုခွဲလိုက်နိုင်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ဆုဖလား မျှော်လင့်ချက်ကို ပျက်ဆီးစေခဲ့တဲ့ အဆိုပါပွဲရလဒ်ဟာ ကွင်းထဲက ကစားသမားတွေ၊ ပရိသတ်တွေနဲ့ နည်းပြအာတီတာတို့ကို စိတ်ပျက်စေခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ် နည်းပြ အာတီတာကတော့ ချန်ပီယံ လုပွဲဟာ မပြီးဆုံးသေးဘူးလို့ ဆိုလိုက်ပြီး လက်မလျှော့သေးကြောင်း ပွဲအပြီးမှာ ပြောဆိုခဲ့တယ်။
” ဒီညက အတော် ခက်ခဲတဲ့ ညပါ။ ဒါပေမယ် ကျနော်တို့ ပြန် မတ်တပ်ရပ်ရမှာပါ။ ပိုပြီး အရှည်ကို တွေးကြည့်ရမှာပါ။ နောက်ပြီး ကျနေ်ာတို့ ယှဉ်ပြိုင်ချင်သေးတယ်။ လက်လျှော့ အရှုံးပေးလိုက်မှာ မဟုတ်ဘူး။ ဒီလိဂ်မှာ ကစားဖို့ ၅ ပွဲ ကျန်သေးတယ်၊ ဘာမဆို ဖြစ်လာနိုင်ပါသေးတယ်။
ကျနော် အင်္ဂလန်မှာ နှစ် ၂ဝ ကျော် ရှိလာတာဗျာ၊ ကိစ္စတွေ အများကြီး တွေ့ဖူး ကြုံဖူးတယ်။ ဒီတော့ ယုံကြည်ချက် ရှိနေဖို့ပါပဲ ” လို့ အာတီတာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
