မန်စီးတီးပွဲက အရေးကြီးတယ် ဆိုပေမယ့် သူတို့ကို အနိုင်ရလို့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဦးမှာ မဟုတ်ဘူးလို့ ဒီကြားရက် ပွဲကြိုမှာ အာတီတာက သတိပေးစကား ထုတ်ပြောလာပါတယ်။
အာဆင်နယ်ဟာ အမှတ်ပေးဇယားမှာ မန်စီးတီးထက် ၂ ပွဲပိုကစားပြီး ၅ မှတ်ဖြတ်ထားတာပါ။ ဒီပွဲကို အနိုင်ရရင် အာဆင်နယ်တို့ ဒီရာသီ ချန်ပီယံဖြစ်ရေး အခွင့်အရေး များသွားမှာဖြစ်ပေမယ့် ပရီးမီးယားလိဂ် လက်ကျန်ပွဲက မန်စီးတီးပွဲ အပါ ၆ ပွဲရှိတာမို့ ကျန် ၅ ပွဲကိုပါ ဆက်ပြီး နိုင်အောင် ကစားဖို့ လိုအပ်မယ်လို့ ဂန်းနား နည်းပြက ပြောလာခဲ့တာပါ။
မန်စီးတီးပွဲနဲ့ ပတ်သက်ပြီး အာတီတာက “ ရာသီစမှာ မန်စီးတီးတို့ လီဗာပူးအသင်း အနိုင်ယူသွားတာ ခံရတည်းက သူတို့နဲ့အပြိုင် ဖြစ်လာဖို့ ကြိုးစားရမှာကို ကျနော်တို့ သိပါတယ်။ ဒီအသင်းတွေက ကုန်ခဲ့တဲ့ နှစ်တွေမှာ အများကြီး လုပ်ပြထားတာပါ။ ထိပ်တန်း အဆင့်မှာ ကာလရှည် ရှိနေတာအတွက် ချီးကျူးခံရဖို့ ထိုက်တန်ကြပါတယ်။
သူတို့နဲ့ ကျနော်တို့ကြား အဆင့်အတန်းကို တတ်နိုင်သလောက် နီးကပ်လာချင်တယ်။ သူတို့နဲ့ အကျိတ်အနယ် ယှဉ်ပြိုင်လိုပါတယ်။ အီတီဟက်ကို သွားရမယ်ဆိုပေမယ့် နောက်ထပ် ခက်ခဲတဲ့ ပွဲစဉ် ၅ ပွဲ ယှဉ်ပြိုင်ရဦးမှာကို ကျနော်တို့ သိပါတယ်။ မန်စီးတီးနဲ့ပွဲက ခက်ခဲမှာကိုလည်း သိထားပါတယ်။
မန်စီးတီးပွဲက ဒီဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံကို အဆုံးအဖြတ်ပေးမှာလား ဆိုရင် အဖြေကတော့ နိုးပါပဲ။ မဟုတ်ပါဘူး။
မနက်ဖြန်ညပွဲကို ကျနော်တို့ နိုင်ရင်တောင် ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်သေးတာ သေချာပါတယ်။ ချန်ပီယံဖြစ်နိုင်ချေကို နည်းနည်းလေး ပိုအားကောင်းလာစေမှာ ဖြစ်ပေမယ့် လက်ကျန် ၅ ပွဲ ကစားရဦးမှာပါ။ ဒီပွဲတွေကလည်း အလှည့်အပြောင်း များပါလိမ့်မယ် ” လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ မန်စီးတီးကို ရင်ဆိုင်မယ့်ပွဲမှာ အနိုင်ရရင် အကောင်းဆုံး ဖြစ်မှာဖြစ်ပြီး အနည်းဆုံးတော့ မရှုံးအောင် ကစားဖို့ကလည်း အရေးကြီးနေတာ ဖြစ်ပါတယ်။
