ဒီနွေမှာ တော်တင်ဟမ် စပါးအသင်းနဲ့ စာချုပ်သစ် လက်မှတ်ထိုးတော့မှာ မဟုတ်တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ရေးအတွက် မန်ချက်စတာ ယူနိုက်တက်က စတင် ကြိုးစားနေပြီဖြစ်ပါတယ်။
တယ်လီဂရပ်ကနေ လန်ဒန်သတင်းထောက် မတ်လောက ဖော်ပြလာရာမှာတော့ ယူနိုက်တက်ဟာ ကိန်းအတွက် ကမ်းလှမ်းမှုလုပ်ဖို့ ပလန်ချနေပြီး သူ့ရဲ့ တန်ကြေးကို သိလိုနေပါတယ်။ ဒါ့အပြင် စပါး ဥက္ကဋ္ဌ လီဗိုင်းကို ဘယ်လို ညိနှိုင်းမှုလုပ်ရမယ် ဆိုတာကိုလည်း အဖြေရှာလိုနေပါတယ်။
ကိန်းအတွက် ယူနိုက်တက်ဘက်က အလေးအနက် ကမ်းလှမ်းမှု ဝင်ရောက်မယ့် ကိစ္စဟာ ကစားသမားကို လုံးဝ လက်လွတ်ခံလိုခြင်း မရှိတဲ့ လီဗိုင်းအတွက်တော့ သတင်းဆိုးပဲ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ကြားရက်မှာ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေ အဖြစ် တွေ့ဆုံကြဦးမှာပါ။
ဒီရာသီကုန်ရင် စပါးအသင်းနဲ့ စာချုပ် ၁၂ လပဲ ကျန်ရှိတော့မယ့် ကိန်းဟာ လန်ဒန်ကလပ်မှာ ဆက်နေဖို့ အတော်လေး အခွင့်အရေး နည်းခဲ့ပါပြီ။ နယူးကာဆယ်ကို ၆-၁ ရလဒ်နဲ့ အရှက်ရစရာ အရေးနိမ့်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် မသေချာတော့ခြင်းကို ကိန်းက စိတ်ပျက်နေပါတယ်။
အင်္ဂလန်ပြင်ပ လိဂ်တွေကနေ ကိန်းကို ခေါ်ယူလိုရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ဝန်းကျင်နဲ့အတူ လီဗိုင်းနဲ့ ဆွေးနွေးရပါမယ်။ ဒါပေမယ့် အင်္ဂလန်ကလပ် တစ်သင်းက ကိန်းကို ခေါ်ယူလိုရင်တော့ စပါး ဥက္ကဋ္ဌဟာ ပေါင် သန်း ၁၀၀ ထက် ပိုနည်းတဲ့ ပမာဏနဲ့ ကမ်းလှမ်းခံမှာ မဟုတ်ပါဘူး။
လီဗိုင်းကို ညိနှိုင်းရတာက ဘယ်လောက်ခက်လဲဆိုတာ နားလည်ထားတဲ့ ယူနိုက်တက်က နာပိုလီ တိုက်စစ်မှူး အိုဆင်ဟမ်ကိုတော့ နောက်ထပ် ပစ်မှတ်အဖြစ် ရွေးချယ်ထားပါတယ်။
