ရိစ်ဂျိမ်းကို ဒီနွေမှာ ခေါ်လို့ရမှာ မဟုတ်တဲ့ ဘာစီလိုနာ၊ မန်စီးတီးရဲ့ အစွန်ပစ်မှတ်၊ ချယ်ဆီး ခံစစ်မှူးကို လီဗာပူးတို့ ချိန်ရွယ်လာခြင်းနဲ့ ဒီကနေ့ နောက်ဆုံးရ သတင်းတိုများ

ချယ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုးလီဟာ လီဗာပူး၊ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ စိတ်ဝင်စားနေမှုနဲ့အတူ ရာသီကုန်မှာ ထွက်ခွာမယ် သတင်းကြီးနေတဲ့ မေဆန်မောင့်ကို အသင်းမှာ ဆက်ထိန်းထားနိုင်အောင် စကားပြောဆိုခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ဒေးဗစ်မိုးယက်စ်ကို ရာထူးကနေ ထုတ်ပယ်ပြီးရင် လေဗာကူဆင် နည်းပြ အလွန်ဆိုနဲ့ အစားထိုးဖို့ ချိန်ရွယ်နေပါတယ်။

စပါးဟာ နယူးကာဆယ်ကို ၆-၁ နဲ့ အရှက်တကွဲ ရှုံးခဲ့ပြီးနောက် ယာယီနည်းပြ စတယ်လီနီကို ထုတ်ပယ်သွားဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ သူ့နေရာမှာ ရိုင်ယန်မေဆန်က ရာသီကုန်ထိ ဆက်လက် တာဝန်ယူသွားဖို့ ရေပန်းစားနေပါတယ်။

ချယ်ဆီးနောက်ခံလူ ကူလီဘာလီဟာ နောက်ရာသီမှာ ချယ်ဆီးကနေ ထွက်ခွာဖို့ ကြိုးစားနေပါတယ်။ နာပိုလီကနေ ရောက်လာတာ တစ်နှစ်သာကြာသေးပေမယ့် အခု ဂျူဗင်တပ်နဲ့ ဆွေးနွေးနေပြီဖြစ်ပါတယ်။

လီဗာပူးဟာ နောက်ရာသီမှာ ဘရိုက်တန်အသင်းမှာ ကစားနေတဲ့ ချယ်ဆီး အငှားကစားသမား လက်ဗီ ကိုဝဲလ်ကို ခေါ်ယူဖို့ ပြိုင်ဆိုင်မှုထဲ ပါဝင်လာခဲ့ပါတယ်။

ချယ်ဆီးဟာ နည်းပြသစ်အဖြစ် နွေရာသီမှာ ပိုချက်တီနိုကို ခန့်အပ်ဖို့နဲ့ ပတ်သက်ပြီး ဆက်လက် ဆွေးနွေးသွားမှာဖြစ်ပါတယ်။

အေစီမီလန်ဟာ ဒီနွေမှာ မန်စီးတီးနောက်ခံလူ ကိုင်လီဝေါ်ကာကို ခေါ်ချင်နေပါတယ်။ အင်္ဂလန်သားဟာ ၂၀၂၄ မှာ စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်တော့မှာဖြစ်ပေမယ့် စီတီဇန်တွေဟာ သူ့ကို နောက်နှစ်မှာ အလွတ်ဖြင့် လက်လွှတ်မယ့်အစား ဒီနွေမှာ ပြောင်းရွှေ့ကြေးနဲ့ ရောင်းချင်နေပါတယ်။

ဘာစီလိုနာနဲ့ ရိစ်ဂျိမ်းကြား စကားပြောမှုတွေ လုပ်နေတယ် ဆိုတဲ့ သတင်းက အခုချိန်ထိ ထူးထူးခြားခြား မဟုတ်သေးဘူးလို့ ရိုမန်နိုက ထုတ်ပြောလာပါတယ်။ ဘာကာက ဒီနွေမှာတော့ ရိစ်ဂျိမ်းကို ချိတ်ဆက်ဦးမှာ မဟုတ်ပါဘူး။

မန်စီးတီးဟာ နောက်ရာသီမှာ ဘရန့်ဖို့ဒ် ညာနောက်ခံလူ အာရွန် ဟစ်ကီကို ခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။ ကန်ဆယ်လိုရဲ့ မန်စီးတီး အနာဂတ်က မရေမရာဖြစ်နေပြီး ဝေါ်ကာက အရံခုံရောက်သွားတာနဲ့အတူ ဟစ်ကီက ပက်ဂွာဒီယိုလာ အတွက် အသုံးဝင်တဲ့ ခေါ်ယူမှု ဖြစ်နိုင်ပါတယ်။

ခံစစ်သမား အီမာဆန်ရျွိင်ရယ်ဟာ စပါးကနေ ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့နိုင်ဖွယ်ရှိတယ်လို့ ၎င်းရဲ့ ဖခင်ဖြစ်သူက ပြောပြခဲ့ပါတယ်။

လီဗာပူးဟာ ဗလင်စီယာ ကွင်းလယ်လူ ယူနက်စ် မူဆာကို ခေါ်ဖို့ စိတ်ဝင်စားနေပေမယ့် ၎င်းရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၁၀၀ က အဟန့်အတား ဖြစ်နေပါတယ်။

နယူးကာဆယ်ဟာ နောက်ရာသီမှာ အာဆင်နယ် နောက်ခံလူ တီယာနေးကို ခေါ်ယူဖို့ ယုံကြည်မှုရှိနေပါတယ်။ ၎င်းအတွက် ကုန်ကျစရိတ်ကတော့ ပေါင်သန်း ၃၀ လောက် ဖြစ်နိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ကာမာဗင်ဂါကို စာချုပ်သစ်ကမ်းလှမ်းမှုထဲမှာ လစာတိုးပေးသွားမှာဖြစ်ပြီး ၎င်းကလည်း အသင်းမှာ ဆက်နေလိုပါတယ်။ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၁ ဘီလျံလောက်အထိ ဖြစ်နိုင်ပါတယ်။