အာဆင်နယ်ကို အနိုင်ယူဖို့ မန်ချက်စတာ မြို့ကို အပြာရောင် လွှမ်းကြလို့ ဂွာဒီယိုလာ စိန်ခေါ်သံပေးပို့

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ လာမယ့် ဗုဒ္ဓဟူးနေ့ အီတီဟက်ကွင်းမှာ အာဆင်နယ်ကို ဧည့်ခံ ရမယ့် ပရီးမီးယားလိဂ်ပွဲ အတွက် အတော် စိတ်အားထက်သန်နေပြီး စီးတီး ပရိသတ်တွေအား တောင်းဆိုမှုတွေ ကြိုတင် ပြုလုပ်လာပါတယ်။

ဂွာဒီယိုလာက ပွဲနေ့မှာ အိမ်ကွင်း အီတီဟက်ထံ ကွင်းလုံးပြည့် ပရိသတ်တွေ လာ အားပေးစေချင်သလို ဆူညံတဲ့ အားပေးသံတွေ ကိုပါ ကြားချင်နေပါတယ်။ ဒီနောက်ပိုင်းမှာ ပွဲကြီးတွေအတွင်း တိုးတက်လာတဲ့ ပရိသတ်ထုနဲ့အတူ အာဆင်နယ်ကို ဖိအားပေးရေး စီးတီးနည်းပြကြီးက အလိုရှိနေတာ ဖြစ်ပါတယ်။

” ကျနော်တို့ ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့် ဖိုင်နယ်ပွဲက တကယ်ကို အရေးကြီးပါတယ်။ ဒါက လက်ရှိ အင်္ဂလန်မှာ အကောင်းဆုံး ဖြစ်နေတဲ့ အသင်း နှစ်သင်း ရင်ဆိုင်တွေ့မယ့် ဖိုင်နယ်ပွဲပါ။ သူတို့က ကျနော်တို့ထက် ၅ မှတ် သာနေတယ်။

အဲဒီနေ့ကတော့ မန်ချက်စတာ တမြို့လုံး အပြာရောင်တွေ ဖုံးလွှမ်းပြီး လာ အားပေးကြမယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ပွဲအစ တစ်မိနစ်တည်းက စလို့ နောက်ဆုံးမိနစ်ထိ မယုံနိုင်လောက်အောင် ဆူညံတဲ့ အားပေးသေးတွေ ကျနော်တို့ လိုအပ်ပါတယ်။ ကိုယ် ကစားသမားရမယ့် ပြိုင်ဘက်အသင်းက ဘယ်လိုလဲ ဆိုတာ ကောင်းကောင်းလည်း သိတယ်။

ပြီးခဲ့တဲ့ ၃ ပွဲ သရေကျခဲ့တယ် ဆိုပေမယ့် သူတို့ ကစားပုံက ရပ်တန့်ဖို့ ခက်ခဲပါတယ်။ ဒီတော့ ကိုယ် လုပ်စရာ ရှိတာကို သေချာ လုပ်ဆောင်ရမှာပါ။ ကျနော်တို့ အတွက်ကတေ့ တကယ်ကြီးကို အရေးကြီးတဲ့ ပွဲပါ။ ဒီပွဲကို နိုင်လိုက်တယ် ဆိုရင် ပရီးမီးယားလိဂ် ဖလား ကိုယ့်လက်ထဲ ကိုင်မြှောက်နိုင်ဖို့ ခြေလှမ်းကြီး တစ်ရပ် ဖြစ်မှာပါ။

ဒီလို အခွင့်အရေး ကိုယ့်ရှေ့ ရှိနေပြီ ဆိုတော့ အရ ယူချင်ပါတယ်။ အီတီဟက် တစ်ကွင်းလုံးက ပွဲမကန်ခင် ၃ နာရီ အလိုတည်းက ပရိသတ်တွေ ပြည့်နေဖို့ မျှော်လင့်တယ်။ ” လို့ ပက် ဂွာဒီယိုလာက ပြောဆိုထားပါတယ်။

မန်စီးတီး အသင်းဟာ အာဆင်နယ်နဲ့ ပွဲမတိုင်ခင် နောက်ဆုံး ကစားထားတဲ့ ၁၂ ပွဲမှာ ၁၁ ပွဲ နိုင်ထားပြီး အရှိန်ကောင်းတွေ၊ ယုံကြည်မှုကောင်းတွေ ရရှိနေပါတယ်။