မနေ့ညက စိန့်ဂျိမ်းပက်ခ်မှာ နယူးကာဆယ်က ၂၁ မိနစ်အတွင်း ၅ ဂိုးသွင်းပြီး ကြီး ၆ ကြီးထဲက တစ်သင်းဖြစ်တဲ့ တော်တင်ဟမ်တို့ကို အရှက်ခွဲခဲ့ပါတယ်။
တော်တင်ဟမ်ဟာ ဒီရာသီမှာ နည်းပြကွန်တီကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် သူ့ရဲ့ နည်းပြအဖွဲ့ဝင်ဖြစ်သူ စတီလီနီကို ယာယီနည်းပြအဖြစ် ရာသီကုန်ထိ တာဝန်ပေးထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် သူ့လက်ထက်မှာ စွမ်းဆောင်ရည် တိုးတက်မလာခဲ့သလို သူတာဝန်ယူတဲ့ ၄ ပွဲအတွင်း ၁ ပွဲပဲ အနိုင်ရခဲ့သလို အခုဆိုရင် စပါးရဲ့ အဆင့် ၄ ဝင်ခွင့်က မှေးမှိန်လာခဲ့ပြီ ဖြစ်ပါတယ်။
နယူးကာဆယ်ပွဲပြီးမှာ ကာရေဂါက “ တော်တင်ဟမ်က လုံးဝကို လက်မခံနိုင်စရာပဲ။ ဒီရာသီ ပထမဆုံးအကြိမ် ခံစစ် ၄ ယောက်တန်း ပုံစံ ပွဲထုတ်ရာမှာ ခုခံမှု မလုပ်နိုင်တဲ့ ပီဒရို ပေါ်ရိုနဲ့ တောင်ပံသမား ပါရီဆစ်တို့ကို အစွန်နေရာတွေမှာ သုံးခဲ့တယ်။
စပါးအသင်းက ကွန်တီရဲ့ ဘော်ဒါ မဟုတ်ဘဲ နည်းပြသစ် တစ်ဦးကို အခုချက်ခြင်း တာဝန်ပေးသင့်နေပါပြီ ” လို့ စပါးအသင်းကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
လက်တလောမှာ စပါးအသင်းဟာ ချယ်ဆီးအသင်းနဲ့အပြိုင် နည်းပြသစ် ရှာဖွေနေပြီး ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာထားတဲ့ နာဂယ်စမန်းနဲ့ စပိန်နည်းပြဟောင်း အန်ရီကေးတို့ကို တာဝန်ပေးဖို့ ကြိုးစားနေသလို ဘန်လေအသင်း နည်းပြဖြစ်သူ ကွန်ပနီကိုလည်း သဘောကျနေတယ်လို့ သိရတာ ဖြစ်ပါတယ်။
