လက်ချိုးရေလို့ ရရုံ ဖလားလေးတွေ ရတာ မနာလို မဖြစ်ပါဘူးဗျာ လို့ စီးတီးကို ဖဲ့လိုက်တဲ့ ရွိုင်ကိန်း

မန်စီးတီးဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ၁၉၉၉ ရာသီတုန်းက နာမည်ကျော် အောင်မြင်မှုကို လိုက်မှီသွားမယ်ဆိုရင် နာကျင် ခံစားရမလားလို့ သရဲနီ အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းကို မေးခဲ့ကြပါတယ်။

စီးတီးဟာ စနေနေ့က ဝင်ဘာလေမှာ ရှက်ဖီးကို ၃-၀ နဲ့ အနိုင်ရပြီးတော့ အက်ဖ်အေဖလား ဖိုင်နယ်ကို တက်သွားခဲ့သလို ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ် အဆင့်ထံ ရောက်ရှိနေပါပြီ။ ပရီးမီးယားလိဂ်မှာလည်း အနီးကပ် ပြိုင်ဘက် အာဆင်နယ်ကို ကျော်ဖြတ် အနိုင်ရမယ်လို့ ရေပန်းစားနေတာပါ။

မန်စီးတီး ဖလားသုံးလုံးရသွားရင် စိတ်တိုနေမှာလားလို့ မေးမြန်းခဲ့ရာ ကိန်းက လှောင်ပြုံးလေးနဲ့ ‘ဒါပေါ့” လို့ ဖြေကြားခဲ့ပါတယ်။ သူ့ရဲ့ အဖြေကို စတူဒီယိုထဲမှာရှိနေတဲ့ အီယန်ရိုက်နဲ့ ကာရင်ကာနေးတို့က ရယ်မောခဲ့ကြပေမယ့် ရွိုင်ကိန်းက ခပ်မြန်မြန်ပဲ စိတ်ပြောင်းသွားခဲ့ပါတယ်။

“ မဟုတ်ဘူးနော်၊ မဟုတ်ဘူး။ လက်ချိုးရေလို့ရတဲ့ အောင်မြင်မှုပဲရှိတဲ့ အသင်းတွေကို ကျွန်တော် မနာလို မဖြစ်ပါဘူး။ အဲ့လိုလူတွေထဲ ကျွန်တော် မပါဘူး။ ဆုဖလားတွေ အောင်မြင်ဖို့ ဘယ်လောက်ခက်တယ် ဆိုတာ ကျွန်တော်သိတယ်။ တကယ်လို့ စီးတီးက အောင်မြင်သွားရင် ‘တော်တယ်’လို့ ပြောမိမှာပါ။ ဒီလိုဖြစ်ဖို့ ခက်ခဲတယ်ဆိုတာ ကျွန်တော် သိနေလို့ပဲ ” လို့ ကိန်းက ပြောခဲ့ပါတယ်။

စီးတီးဟာ သူတို့ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးဖို့ အခွင့်အရေး ရှိနေပါသေးတယ်။ ဒါပေမယ့် ဆီမီးဖိုင်နယ်မှာ သူတို့ ရင်ဆိုင်ရမှာက ဥရောပ ဘုရင်းကြီး ရီးရဲလ်မက်ဒရစ်ဖြစ်နေတာကို သရဲနီဟောင်းက သတိပေးခဲ့တယ်။

ကိန်းက ” ဖလား ၃ လုံး အောင်မြင်ဖို့ဆိုရင် သူတို့ ကျော်ဖြတ်ရမယ့် အတားအဆီးတွေ ရှိနေပါသေးတယ်။ အထူးသဖြင့် ချန်ပီယံလိဂ်ပေါ့။ ဒါပေမယ့် အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ်မှာတော့ သူတို့က ရေပန်းစားပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ ခက်ခဲတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်မယ် ထင်ပါတယ် ” လို့ ဆိုခဲ့တာပဲ ဖြစ်ပါတယ်။