ယူနိုက်တက် ပရိသတ်တွေထံက အပြည့်အဝ ထောက်ခံမှုရမယ့် တန်ဟက်ရဲ့ ပေါင် သန်း ၁၀၀ ရှာဖွေရေး နည်းလမ်း

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ ကစားသမား ခေါ်ယူမှုထက် မလိုအပ်တဲ့ ရောင်းချမှုတွေ ပိုလုပ်ဖို့ မျှော်လင့်ရပြီး ဆီဗီးလားကို ရှုံးပြီးနောက်မှာ ဒါကို ပရိသတ်တွေ ဆန့်ကျင်မှာ မပူရတော့ပါဘူး။

မနှစ်က ပေါင် ၂၂၅ သန်း သုံးခဲ့တာကြောင့် ကလပ်ဟာ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ အညီဖြစ်ဖို့ ရှင်းထုတ်မှုတွေ လုပ်ရမှာဖြစ်သလို မလိုအပ်တဲ့ ကစားသမားတွေ ဒီနွေမှာ ထွက်ခွာရနိုင်ပါတယ်။ စိတ်ဝင်စားစရာက အရောင်းစာရင်းထဲမှာ ဟယ်ရီမက်ဂွိုင်းယား ထိပ်ဆုံးက ပါဝင်ပါတယ်။

အဲရစ်တန်ဟက်ရဲ့ ပထမဦးစားပေး ဗဟိုခံစစ်မှူးအဖြစ်ကနေ လျှော့ချခံခဲ့ရပြီးနောက် မက်ဂွိုင်းယားဟာ ဒီရာသီ ၁၅ ပွဲသာ ပွဲထွက်ခဲ့ရတာပါ။ သူ့ရဲ့ နောက်ဆုံး ၂ပွဲ စွမ်းဆောင်ရည်ဟာလည်း တန်ဟက်ရဲ့ ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ရအောင် မဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မက်ဂွိုင်းယားကို ၂၀၁၉ မှာ ခေါ်ခဲ့တုန်းက ပေါင်သန်း၈၀ ကုန်ကျခဲ့တာဖြစ်ပေမယ့် ၃နှစ် ကြာပြီးနောက်မှာ သူ့ရဲ့ တန်ကြေးက တော်တော်ကို လျော့ကျသွားခဲ့ပါပြီ။ ယူနိုက်တက်ဟာ အပြီးသတ်ပဲ ရောင်းချမှာဖြစ်ပြီး အငှားနဲ့ ကြန့်ကြာအောင် လုပ်ဖို့တော့ မမျှော်လင့်ထားပါဘူး။

ယူနိုက်တက်ဟာ မာရှယ်ကိုလည်း ရှင်းထုတ်ဖို့ အလိုရှိနေတာပါ။ ဒီရာသီ ပွဲစဉ် အများစုကို ဒဏ်ရာကြောင့် လွဲချော်နေရပြီး ပရိသတ်တွေကလည်း သူ့ရဲ့ ကြံ့ခိုင်ရေး အားနည်းမှုအပေါ် စိတ်ပျက်လာနေပါတယ်။ ဒီနွေမှာ အစွန်လူတွေဖြစ်တဲ့ ဝမ်ဘစ်ဆာကာ ဒါမှမဟုတ် ဒါးလော့လည်း ထွက်ခွာရနိုင်ပါတယ်။

ဘရန်ဒန်ဝီလီယံကတော့ တန်ဟက် လက်အောက် ၅မိနစ်သာကစားခဲ့ရလို့ အသင်းကနေ ထွက်သွားမှာ သေချာသလောက်ပါပဲ။ အပယ်ခံကစားသမားတွေဖြစ်တဲ့ အဲရစ်ဘာယီနဲ့ အဲလက်စ် တဲလက်စ်တို့ဟာ အငှားထွက်နေပေမယ့် မာဆေးနဲ့ ဆီဗီးလားတို့ဟာ ၎င်းတို့ကို အပြီးသတ် ဝယ်ယူဖို့ ဆန္ဒမရှိနေတာ ဖြစ်ပါတယ်။

မက်ဂွိုင်းယား၊ မာရှယ်၊ ဝမ်ဘစ်ဆာကာ၊ ဝီလီယံ၊ ဘာယီနဲ့ တဲလက်စ်တို့ ထွက်ခွာသွားရင် စုစုပေါင်း ပေါင် သန်း ၁၀၀ ကျော် ရမှာဖြစ်ပြီး ဒီပမာဏဟာ တန်ဟက်ရဲ့ ထိပ်တန်းပစ်မှတ် ဟယ်ရီကိန်းရဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခအတွက် အတော်လေး ကာမိစေမယ့် ပမာဏပါ။

တန်ဟက်ဟာ လူငယ်ကွင်းလယ်လူ တစ်ယောက်နဲ့ တခြားသော အင်အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ နေရာတွေအတွက် ခွဲပေးထားပြီးသား ဘတ်ဂျက်ဖြင့် အသုံးပြနိုင်မှာဖြစ်ပြီး အထူးသဖြင့် ဗဟိုခံစစ်မှာ ရံပေးနိုင်မယ့် လူကောင်းတစ်ယောက် လိုအပ်နေတာဟာ ဆီဗီလာနဲ့ပွဲမှာ သိပ်ကို ထင်ရှားနေခဲ့တာ ဖြစ်ပါတယ်။