VAR မပါရင် အံ့ဩလောက်အောင် ပြောင်းလဲသွားမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား

ပရီးမီးယားလိဂ် ဒိုင်လူကြီးများအဖွဲ့ PGMOL ဥက္ကဌ ဟောင်းဝပ် ဝက်ဘ်ဟာ ဒီရာသီအတွင်း ဒိုင်လူကြီးတွေ လုပ်မိတဲ့ အမှားတွေအတွက် ကလပ်တွေကို ခဏခဏ တောင်းပန်ခဲ့ရတာနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ VAR အသုံးပြုမှုတွေဟာ ငြင်းခုံစရာတစ်ခု ဖြစ်နေဆဲပါ။

ပရီးမီးယားလိဂ် ပွဲနေ့တစ်နေ့အတွင်း ဆိုးရွားတဲ့ အမှား ၃ခု ထိ ဖြစ်ပွားခဲ့ဖူးပြီး တုန်လှုပ်စရာ အမှားတွေအတွက် ဖေဖော်ဝါရီလတုန်းက ကလပ်တွေနဲ့ အရေးပေါ် အစည်းအဝေးတောင် လုပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် VAR ဟာ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှု ရှိစေခဲ့တယ်လို့ PGMOL က ဆိုလိုက်ပြီး လတ်တလော အစီရင်ခံစာတစ်ခုမှာလဲ ကမ္ဘာ့ဖလား နောက်ပိုင်း VAR အသုံးချမှုဟာ သိသိသာသာ တိုးတက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပရီးမီးယားလိဂ်အတွက် VAR က အသုံးဝင်တယ်၊ မဝင်ဘူးလို့ ဘယ်လိုပဲ ငြင်းခုံကြပါစေ ဒီစနစ်က ရှေ့ဆက်ဖို့ပဲ ရှိပါတယ်။ ဒါပေမယ့် VAR ဆုံးဖြတ်ချက်တွေ မပါခဲ့ရင် အမှတ်ပေးဇယားက ဘာဖြစ်​နေမလဲ? ဆိုတာကို Mirror သတင်းဌာနက အခုလို ဖော်ပြပါတယ်။

VAR မပါရင် အာဆင်နယ်ဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်ရှိနေဦးမှာ ဖြစ်ပေမယ့် ဒုတိယနေရာက မန်စီးတီးနဲ့ အမှတ်ကွာဟချက်က ၁မှတ်ပဲ ဖြစ်သွားမှာပါ။

စိတ်ဝင်စားစရာက ဒီရာသီမှာ VAR ကြောင့် အနစ်နာဆုံး ၂ သင်းဖြစ်တဲ့ ဘရိုက်တန်က အတော်လေး အပြောင်းအလဲ ခံစားရမှာဖြစ်ပြီး ရမှတ် ၅ မှတ်ထပ်ရကာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ အနီးဆုံးကို ရောက်ရှိမှာပါ။ လန်ဒန်ကလပ် ဝက်စ်ဟမ်းကလည်း ရမှတ် ၆ မှတ် ပိုရကာ ချယ်ဆီးနဲ့ ရမှတ်တူ ဖြစ်နေမှာပါ။

လီဗာပူးနဲ့ အဲဗာတန်ဟာ VAR မရှိရင်ပိုဆိုးသွားမယ့် အသင်းတွေပါ။ ကလော့ပ်ရဲ့ အသင်းဟာ အဆင့် ၉ လောက်ထိ ထိုးကျသွားမှာဖြစ်ပြီး အဲဗာတန်ကတော့ တန်းဆင်းဇုန်မှာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

VAR မရှိရင် ကလပ်တွေ ရရှိနေမယ့် အမှတ်စာရင်းနဲ့ သူတို့ရဲ့ ရပ်တည်မှုတွေ ဘယ်လိုကွာခြားသွားမလဲဆိုတာကတော့ အောက်ပါအတိုင်းပါပဲ။

1. Arsenal – 76 (+1)
2. Man City – 74 (+4)
3. Newcastle – 60 (+1)
4. Man United – 58 (-1)
5. Brighton – 54 (+5)
6. Spurs – 53 (0)
7. Villa – 47 (-4)
8. Fulham – 46 (+1)
9. Liverpool – 43 (-7)
10. Brentford – 41 (-3)
11. Chelsea – 40 (+1)
12. West Ham – 40 (+6)
13. Crystal Palace – 38 (+1)
14. Wolves – 34 (0)
15. Bournemouth – 34 (+1)
16. Leeds – 33 (+4)
17. Forest – 30 (+3)
18. Everton – 30 (+2)
19. Leicester City – 29 (+1)
20. Southampton – 24 (0)