နည်းပြတန်ဟက်ဟာ ယူနိုက်တက်အတွက် သူ့ရဲ့ ဒုတိယမြောက် နွေစျေးကွက် မတိုင်ခင်မှာ စီနီယာအချို့ကို ရောင်းထုတ်လိုက်ဖို့ ပြင်ဆင်လာခဲ့ပြီလို့ သိရပါတယ်။
ဒီနွေအပြောင်းအရွှ့ မတိုင်ခင် ယူနိုက်တက်ရဲ့ အဓိကဦးစားပေးက ထိပ်တန်း တိုက်စစ်မှူး တစ်ယောက်ခေါ်ဖို့ ဖြစ်ပေမယ့် တန်ဟက်ဟာ ကွင်းလယ်လူ ခေါ်ဖို့ပါ ကြိုးစားနေတာပါ။ တန်ဟက်ရဲ့ အသုံးစရိတ်ကို ယူနိုက်တက်ရဲ့ ကိုယ်ပိုင် ဝင်ငွေတွေကနေ အဆုံးအဖြတ် ပေးမှာ ဖြစ်ပါတယ်။
မန်ချက်စတာ တာဝန်ရှိသူတွေနဲ့ နည်းပြတန်ဟက်က ကလပ်မှာ အနာဂတ် မရှိတော့တဲ့ ကစားသမားတွေနဲ့ စာချုပ် အဆင်မပြေတော့သူတွေကို အဓိက ရှင်းထုတ်သွားမှာ ဖြစ်ပါတယ်။
ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပွဲအပြီးမှာတော့ ယူနိုက်တက်ဟာ မက်ဂွဲရား၊ ဒီဂီယာနဲ့ မာရှယ်တို့ကို အရောင်းစာရင်း တင်ဖို့ ဆုံးဖြတ်လာခဲ့တယ်။

ဒီဂီယာဟာ ယူနိုက်တက်နဲ့ စာချုပ်သစ်ကိစ္စ သဘောတူညီမှု မရသေးပါဘူး။ သူဟာ ကစားသမားကောင်းဖြစ်ပေမယ့် တန်ဟက် အလိုအတိုင်း ခံစစ်မှာ ဘောလုံးဖြန့်ဝေပေးတာမျိုးကို ပြုလုပ်နိုင်ခြင်း အားနည်းခဲ့ပြီး ဆီးဗီးလာပွဲမှာ အမှား ၂ ကြိမ် ပြုလုပ်မိခဲ့သူ ဖြစ်ပါတယ်။
မာတီနက်ဇ်နဲ့ ဗာရန်းတို့ ဒီရာသီ အဓိက ပွဲထွက်သူတွေ ဖြစ်နေပေမယ့် သူတို့ ဒဏ်ရာရနေချိန် မက်ဂွိုင်းယားကို ထုတ်သုံးရာမှာ အလုပ်မဖြစ်ခဲ့ပါဘူး။ ယူနိုက်တက် ပရိသတ်တွေက ကမ္ဘာ့စျေးအကြီးဆုံး ခံစစ်မှူးကို အတော်လေး စိတ်ပျက် စိတ်ကုန်နေကြပြီ ဖြစ်ပါတယ်။
ဒဏ်ရာပြဿနာတွေက ဒီနှစ် မာရှယ်ရဲ့ ရာသီကို နှောင့်ယှက်နေခဲ့ပြီး ကြံ့ခိုင်မှု ပြန်ကောင်းလာတဲ့ သူဟာ ပွဲထွက်လူစာရင်းမှာ ခြေစွမ်း မပြနိုင်တာမို့ ဒီနွေစျေးကွက်မှာ ရောင်းထုတ်ခံရမှာဖြစ်ပါတယ်။
