ခံစစ်ပိုင်း တည်ငြိမ်မှု အရည်အချင်းကြောင့် ချန်ပီယံလိဂ် ဖိုင်နယ် ရောက်မယ့် နှစ်သင်းကို အာဆင်ဝင်းဂါး ရွေးထုတ်

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲတွေအတွက် ပြိုင်ဘက် အတွဲတွေကို သိရှိခဲ့ရပြီးဖြစ်တဲ့နောက် ဖိုင်နယ်ထံ တက်ရောက်နိုင်မယ့် ထိပ်သီး နှစ်သင်းကို အာဆင်ဝင်းဂါးက ရွေးထုတ်လာခဲ့ပါတယ်။

အေစီမီလန်ဟာ နာပိုလီကို အနိုင်ယူကာ ဆီမီးဖိုင်နယ် ဝင်ခွင့်ရရှိခဲ့ပြီး အစ္စတန်ဘူလ်က ဗိုလ်လုပွဲဝင်ခွင့် တစ်နေရာအတွက် ခါးသီးပြိုင်ဘက် အင်တာမီလန်နဲ့ တွေ့ရတော့မှာ ဖြစ်ပါတယ်။ တဖက်ခြမ်းမှာ မနှစ်က ဆီမီးဖိုင်နယ် ပြိုင်ဘက်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ စီးတီးတို့ ပြန်လည်ရင်ဆိုင်ရမှာပါ။

ဘောလုံးပရိသတ်တွေတိုင်း ဘဝင်ခိုက်ရမယ့် ဆီမီးဖိုင်နယ် နှစ်ပွဲက အသင့်စောင့်နေပြီဖြစ်ပြီး ၂၀၁၇ ဖိုင်နယ်မှာ ဂျူဗင်တပ်က မက်ဒရစ်ကို ရှုံးပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အီတလီကလပ် တစ်သင်းကတော့ ဥရောပဖိုင်နယ်ထံ ထပ်ရောက်ဖို့ သေချာနေပြီ ဖြစ်ပါတယ်။

ဘယ်အသင်းတွေ အစ္စတန်ဘူလ်ကို ရောက်လာမလဲဆိုတာနဲ့အပေါ် ဝင်းဂါးက သေသေချာချာ သုံးသပ်ပေးခဲ့ပါတယ်။

အဆင်နယ် ဂန္တဝင်နည်းပြဟာ အနိုင်ရရှိမယ့် အသင်းကို ခန့်မှန်းပေးဖို့ ဆန္ဒမရှိခဲ့ပေမယ့် ဆီမီးဖိုင်နယ်မှာ မီလန်နဲ့ စီးတီးတို့က ၎င်းတို့ရဲ့ ပြိုင်ဘက်တွေထက် အနည်းငယ် အားသာနေတယ်လို့ ထင်မြင်နေတာ ဖြစ်ပါတယ်။

“ ကျွန်တော် ပြောနိုင်တာက ဖိုင်နယ်ပွဲဟာ အစ္စတန်ဘူလ်မှာလုပ်မှာပါ။ ဒါ အားလုံးသိပါတယ်။ အခုနေ ပြောရမယ်ဆိုရင် မီလန်နဲ့ စီးတီးက သူတို့တွေရဲ့ ခံစစ်ပိုင်း တည်ငြိမ်မှုကြောင့် နည်းနည်းပိုသာနေတယ် ထင်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကတော့ ခံစစ်ပိုင်း တည်ငြိမ်မှုမှာ နည်းနည်းပိုပြီး အားနည်းနေတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်က ရီးရဲလ်မက်ဒရစ်ပါပဲ။ ဘယ်အသင်းကိုမဆို သူတို့ ဂိုးသွင်းနိုင်တယ် ” လို့ ဝင်းဂါးက ဆိုခဲ့ပါတယ်။

လက်တလော ပရိသတ်ကြား ရေပန်းစားမှုတွေအရတော့ မန်စီးတီးဟာ ဒီရာသီမှာ သူတို့ရဲ့ ပထမဆုံးသော ချန်ပီယံလိဂ်ဖလားကို ကိုင်မြောက်နိုင်မယ်လို့ ပြောဆိုခံနေရတာ ဖြစ်ပါတယ်။