ယူအီးအက်ဖ်အေဘက်က စုံစမ်းစစ်ဆေးမှု စတင်နေပြီး ချန်ပီယံလိဂ်မှာ ပါဝင်ခွင့် ပိတ်ခံရနိုင်တဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ စပိန်ဒိုင်လူကြီး အာဏာပိုင်တစ်ယောက်နဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီတွေကို ဒေါ်လာသန်းနဲ့ချီ ငွေပေးခဲ့တာကို တွေ့ရှိခဲ့ရတဲ့နောက် ချန်ပီယံလိဂ်ပြိုင်ပွဲ အပါအဝင် UEFA ပြိုင်ပွဲတွေမှာ ပါဝင်ခွင့် ပိတ်ပင်ခံရဖွယ် ရှိနေပါတယ်။

UEFA ဟာ ကြာသပတေးနေ့က ဘာစီလိုနာ လာဘ်ထိုးမှု ကိစ္စကို စုံစမ်းဖို့ တောင်းဆိုခဲ့တဲ့နောက် စပိန်က အစိုးရရှေ့နေတွေဟာ ဒီကိစ္စကို စုံစမ်းနေပြီး ဖြစ်ပါတယ်။ အစိုးရရှေ့နေတွေက ဘာစီလိုနာကို အကျင့်ပျက်ခြစားမှု၊ မရိုးမသား လိမ်လည်မှု၊ စီးပွားရေး စာချုပ် အတုပြုလုပ်တွေနဲ့ တရားဝင် စွပ်စွဲခဲ့တာဖြစ်ပါတယ်။

ကက်တလန်ကလပ်ဟာ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေမှာ မျက်နှာသာပေးခံရဖို့ ဒိုင်လူကြီးများကော်မတီ ဒုတိယဥက္ကဌနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ UEFA ရဲ့ ချန်ပီယံလိဂ်စည်းမျဉ်းတွေဟာ လုပ်ပွဲကစားတာ တွေ့ရင် အဆိုပါ အသင်းတွေကို ပြိုင်ပွဲကနေ တရာသီ ပိတ်ပင်ခွင့် ရှိနေပါတယ်။

တရားရုံးမှတ်တမ်း သက်သေတွေအရ ဘာစီလိုနာဟာ ဒိုင်လူကြီးအဖွဲ့ ဒုတိယဥက္ကဌ ပိုင်ဆိုင်တဲ့ ကုမ္ပဏီနှစ်ခုကို ၂၀၀၁ ကနေ ၂၀၁၈ အတွင်း ယူရို ၇.၃ သန်း ပေးချေခဲ့တယ်ဆိုတာ ပြသနေပါတယ်။ ဒီငွေပေးချေမှုဟာ ဒိုင်တွေ ဒါမှမဟုတ် ပွဲစဉ်တွေအပေါ် တကယ်ပဲ သက်ရောက်မှုရှိခဲ့တယ် ဆိုတဲ့ သက်သေကိုတော့ မပြနိုင်သေးပါဘူး။

ဘာစီလိုနာကတော့ သူတို့ မလုပ်ကြောင်း တွင်တွင်ငြင်းထားခဲ့ပြီး ဒိုင်လူကြီးတွေအပေါ် နည်းစနစ်ဆိုင်ရာ တင်ပြချက်တွေအတွက် ငွေပေးခဲ့တာဖြစ်ပေမယ့် ပွဲအတွင်း ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးနိုင်အောင် ကြိုးပမ်းခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်က ဘာစီလိုနာ ဒါရိုက်တာဟောင်းက ဒီငွေပေးချေမှုတွေဟာ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့သာ ပြောကြားခဲ့ပါတယ်။
ငွေလက်ခံရယူခဲ့တဲ့ နီဂရဲရား ကတော့ ကနဦး စုံစမ်းမေးမြန်းခံရစဉ်အတွင်း အလားတူ ပြောကြားခဲ့ပြီး သူဟာ ဘက်မလိုက်သော ဒိုင်လူကြီးများအဖွဲ့အတွက်သာ အလုပ်လုပ်ပေးခဲ့တာပါလို့ ဆိုပါတယ်။

ကစားသမားဟောင်း ပီကေးကလည်း မီးပုံထဲ လက်ထည့်ပြီးတော့တောင် ဒီစွပ်စွဲမှုတွေရဲ့ မှားယွင်းမှုအပေါ် သက်သေပြလိုက်ချင်ကြောင်းနဲ့ ဘာစီလိုနာဘက်က မရိုးမသား လုပ်မယ်ဆိုရင် မသိအောင် ခိုးလုပ်မှာပဲဖြစ်ပြီး ခုလိုသတင်းတွေတောင် ထွက်လာမှာ မဟုတ်ဘူးလို့ အသင်းဟောင်းကို ကာကွယ်ပြောကြာပေးခဲ့တာ ဖြစ်ပါတယ်။