ကွန်တီ၊ မော်ရင်ညိုတို့ ထိပ်ဆုံးမှာ ရောက်နေတဲ့ လျော်ကြေး အများဆုံးရ အသင်း မန်နေဂျာများ စာရင်း

ကလပ်အသင်းနဲ့ အက်ကြောင်း ထင်နေပြီ ဖြစ်တဲ့ နည်းပြ အန်တိုနီယို ကွန်တီဟာ စပါးကနေ တိတ်တိတ်လေး ထွက်သွားမှာ မဟုတ်ပါဘူး။ စပါးအသင်းကလည်း သူ့ကို ထုတ်ဖို့ဆိုရင် အနည်းဆုံးတော့ ကမ္ဘာ့စံချိန်တင်ကြေးကြီး ပေးရမှာ မဟုတ်ပါဘူး။

စာချုပ်သက်တမ်းက လအနည်းငယ်သာ ကျန်တော့တာမလို့ အခုနေ ထုတ်ပယ်မယ် ဆိုရင် အနည်းငယ်သာ ကုန်ကျမှာ ဖြစ်ပါတယ်။ ကွန်တီ ဟာ ၂၀၁၇-၁၈ ရာသီမှာ ချယ်ဆီးနဲ့ စာချုပ်ဖျက်သိမ်းခဲ့တုန်းက ပေါင်၂၆.၆သန်း လျော်ကြေး ရရှိခဲ့ပါတယ်။

ချယ်ဆီးဟာ သူတို့နည်းပြတွေကို ထုတ်ပယ်ရာမှာ ဈေးအကြီးဆုံး လျော်ကြေးတွေ ကို ပေးရတာများပါတယ်။ စပါးလဲ အဲ့လို မှတ်တမ်းမျိုး ရှိခဲ့ဖူးပါတယ်။

အသင်းကနေ ထုတ်ပယ်ရာမှာ ဈေးအကြီးဆုံး လျော်ကြေးပေးလိုက်ရတဲ့ နည်းပြ ၁၀ ယောက် အကြောင်းကို ဖော်ပြပေးသွားပါမယ်။

(၁၀) အန်ဒရေး ဗီလက်စ်ဘိုအာ့စ် – ချယ်ဆီး (ပေါင်၁၂သန်း)

ချယ်ဆီးဟာ ၂၀၁၁ မှာ ကာလို အန်ဆလော့တီကို ထုတ်ပြီးနောက် ပေါ်တိုကနေ ဗီလက်စ်ဘိုအာ့စ်ကို ပိုက်ဆံ အများကြီးပေးပြီး ခေါ်ယူခဲ့ပေမယ့် တစ်နှစ်တောင် မခံခဲ့ပါဘူး။ ထိပ်ဆုံးလေးသင်းနေရာနဲ့ လွဲချော်ရမယ့် အန္တရာယ်ကြားမှာ ကလပ်ကို ထားခဲ့ပြီး သူထွက်သွားခဲ့ပေမယ့် ဒီမတ်တီယိုရဲ့ ဥရောပမှာ အောင်မြင်မှုကြောင့် ချယ်ဆီးတို့ သက်သာရာ ရသွားခဲ့တာပါ။

(၉) ပိုချက်တီနို – စပါး (ပေါင်၁၂.၅သန်း)

၂၀၂၁-၂၂ ရာသီကုန်မှာ ပီအက်စ်ဂျီရဲ့ ထုတ်ပယ်ခံရတော့ သူဟာ ပေါင်၈.၅သန်း ရခဲ့ပါတယ်။ ဒါပေမယ့် စပါးကနေ ထွက်ခဲ့တုန်းက သူရခဲ့တဲ့ပမာဏက အများကြီးပါ။ သူဟာ ၂၀၁၈ မေလမှာ ၅နှစ်စာချုပ်သစ် ချုပ်ခဲ့ပြီးမှ ၁၈လအတွင်း ထုတ်ပယ်ခံခဲ့ရတာဖြစ်လို့ စပါးတို့ အများကြီး ပေးခဲ့ရတာဖြစ်ပါတယ်။

(၈) သောမတ်စ်တူချယ် – ချယ်ဆီး (ပေါင် ၁၃သန်း)

မနှစ်က ရာသီမတိုင်ခင်မှာ တူချယ်ဟာ ချယ်ဆီးနည်းပြအဖြစ် စာချုပ်သစ် ထပ်ချုပ်ဖို့ နီးစပ်နေခဲ့တာပါ။ ဒါပေမယ့် စိုးရိမ်စရာ ရာသီအစအပြီး တော့ဒ်ဘိုးလီ ရော်ကလာတာနဲ့အတူ အခြေအနေက မြန်မြန်ပြောင်းလဲသွားခဲ့တာပါ။ ချယ်ဆီးဟာ မနှစ်က နွေရာသီမှာ ငွေသုံးအများဆုံးဖြစ်ခဲ့ပြီး လူသစ်တွေအတွက် ပေါင် သန်း ၂၇၀ ဖိုး ဝယ်သုံး ခဲ့တာကြောင့် တူချယ်ကို ပေါင်၁၃သန်းလျော်ကြေးပေးလိုက်ရတာက သိပ်မများဘူးလို့ ထင်သွားရပါတယ်။

(၇) ဖေဘီယို ကာပယ်လို – ရုရှား (ပေါင် ၁၃.၄သန်း)

ကာပယ်လိုဟာ ၂၀၁၂ မှာ အင်္ဂလန်နည်းပြရာထူးကနေ ထွက်ခွာခဲ့၇တဲ့နောက် ပေါင်၁.၅သန်း ရရှိခဲ့ပေမယ့် ရှရှား နည်းပြဘဝ အဆုံးသတ်ချိန်မှာ အများကြီး ပိုရခဲ့တာပါ။ ၂၀၁၈ ကမ္ဘာ့ဖလားအတွက်ရည်ရွယ်ပြီး ၂၀၁၄ မှာ သူ့ကို ခန့်အပ်ခဲ့တာဖြစ်ပေမယ့် ၁၈လသာ ခံခဲ့ပါတယ်။

(၆) ဖိလစ်ပီ စကိုလာရီ – ချယ်ဆီး (ပေါင် ၁၃.၆သန်း)

ဘရာဇီးနည်းပြဟောင်း စကိုလာရီဟာ ချယ်ဆီးမှာ တစ်ရာသီတောင် မခံပဲ ရက်ရက်စက်စက် ထုတ်ပယ် ခံလိုက် ရပါတယ်။ လိဂ်၂၅ပွဲ ကစားအပြီး ချယ်ဆီးဟာ အဆင့်၄ ရခဲ့ပေမယ့် ပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံး ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကိုလဲ ရောက်ရှိခဲ့တာပါ။

(၅) ဟိုဆေး မော်ရင်ညို – စပါး (ပေါင် ၁၆သန်း)

မော်ရင်ညိုဟာ နောက်ဆုံးအကြိမ် လိဂ်ဖလား ရပြီးနောက်ပိုင်း နှစ်များစွာ ကြာခဲ့ပြီဖြစ်ပေမယ့် သူ့နည်းပြဘဝမှာ လျော်ကြေးငွေ တော်တော်များများ ဆက်လက်ရရှိခဲ့တာပါ။ စပါးဟာ ၂၀၂၁ လိဂ်ဖလားဖိုင်နယ်မတိုင်ခင် သူ့ကို ထုတ်ပယ်ခဲ့တုန်းက ပေါင်၁၆သန်း ပေးခဲ့ရတာဖြစ်ပြီး သူ့နေရာမှာ ဆက်ခံခဲ့တဲ့ နူနို အက်စ်ပရစ်တို ဆန်တိုကလဲ ပရီးမီးယားလိဂ် ၁၀ပွဲသာ ကိုင်ခဲ့ပြီးနောက်မှာ လျော်ကြေး ပေါင်၅သန်းနဲ့ ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

(၄) လော်ရန့်ဘလန့် – ပီအက်စ်ဂျီ (ပေါင် ၁၇သန်း)

ပီအက်စ်ဂျီကို လက်ရှိအသင်းပိုင်ရှင်တွေက ၂၀၁၁ မှာ ဝယ်ယူပြီးနောက်ပိုင်း အစောဆုံး ခန့်အပ်မှုတွေထဲက တစ်ခုဖြစ်တဲ့ ဘန့်ဟာ ၎င်းတို့ကို အမှတ်ပေးဖလား ၃နှစ်ဆက် ရယူပေးခဲ့ပေမယ့် ဥရောပ အောင်မြင်မှုမရလို့ ထုတ်ပယ်ခံခဲ့ရပါတယ်။ သူ့လက်ထက် လီဂူးဝမ်း ၉၆မှတ်နဲ့ ဖလားရခဲ့တာက အခုထိ အမှတ်အများဆုံး စံချိန် ဖြစ်နေဆဲပါ။ ပီအက်စ်ဂျီဟာ အခုထိလဲ ဥရောပဖလားနဲ့ ဝေးကွာနေဆဲ ဖြစ်ပါတယ်။

(၃) ဟိုဆေးမော်ရင်ညို – ချယ်ဆီး (ပေါင် ၁၈သန်း)

၂၀၀၄ မှာ ရေနီရာရီထံကနေ ချယ်ဆီးကို လက်လွှဲယူခဲ့ပြီးနောက် မော်ရင်ညိုဟာ နှစ်နှစ်ဆက် ဆုဖလားတွေ ရယူပေးခဲ့ပေမယ့် ဥရောပဖလားတော့ မယူပေးနိုင်ခဲ့ပါဘူး။ ၂၀၀၇ မှာ ၃နှစ်ဆက် ပရီးမီးယားလိဂ် မယူပေးနိုင် တော့တဲ့နောက် မော်ရင်ညိုဟာ ရာသီသစ်ရဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း ထုတ်ပယ်ခံလိုက်ရပြီး အဲ့ဒီ့တုန်းက လျော်ကြေး ၁၈သန်းဟာ ဆယ်စုနှစ်တစ်ခုကျော် အများဆုံး မှတ်တမ်း ဖြစ်ခဲ့ပါတယ်။

(၂) ဟိုဆေးမော်ရင်ညို – မန်ယူနိုက်တက် (ပေါင် ၁၉.၆သန်း)

၂၀၁၆ မှာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာပြီးနောက် ၂၀၁၈ ဇန်နဝါရီမှာ စာချုပ် သက်တမ်း တိုးခဲ့ပေမယ့် နောက်တစ်နှစ် မကြာခင်မှာပဲ ထွက်သွားခဲ့ရပါတယ်။ သူဟာ ၂၀၁၇-၁၈ ရာသီမှာ အဆင့်၂ ယူပေးခဲ့ပေမယ့် နောက်ရာသီ ပထမဆုံး ၁၇ပွဲမှာ ထိပ်ဆုံးလေးသင်းထဲတောင် မဝင်တော့ပါဘူး။ သူ့နေရာကို ဆက်ခံခဲ့တဲ့ ဆိုးရှားကတော့ ၂၀၂၁ မှာ ထုတ်ပယ်ခံရချိန် ပေါင်၇.၅သန်း ရရှိခဲ့ပါတယ်။

(၁) အန်တိုနီယို ကွန်တီ – ချယ်ဆီး (ပေါင်၂၆.၆သန်း)

မော်ရင်ညိုရဲ့ စုစုပေါင်း လျော်ကြေး ရရှိငွေပမာဏက အများဆုံးဖြစ်ပေမယ့် ကွန်တီနဲ့ တစ်ကြိမ်ချင်း လျော်ကြေးကို ယှဉ်ရင်တော့ မမီပါဘူး။ အီတလီသားကြီးဟာ ပထမရာသီမှာ ဖလားတစ်လုံး ယူပေးခဲ့ပြီးနောက် ၂၀၁၇ မှာ စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့် ၂၀၁၇-၁၈ ရာသီကုန်မှာတော့ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။

ကွန်တီ လက်ထက်မှာ အမှတ်ပေးဖလား ၆ကြိမ်၊ အက်ဖ်အေဖလား ၈ကြိမ် အောင်မြင်ခဲ့ပြီး တစ်ရာသီအတွင်း စံချိန်တင် လိဂ်နိုင်ပွဲ ၃၀ မှတ်တမ်း၊ ကလပ်စံချိန်တင် လိဂ်၁၃ပွဲဆက် နိုင်ပွဲမှတ်တမ်းတွေ ရရှိခဲ့တာကြောင့် ဒီလျော်ကြေး ပေးရလဲ ခံသာပါသေးတယ်။