အာဆင်နယ်အသင်းက လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား မှာ ၈မှတ်အသာ ရထားပေမယ့် မန်စီးတီးကတော့ လက်ကျန်ရာသီ ပြီးတဲ့အထိ သူတို့ကို အလျှော့ပေးမှာ မဟုတ်ပါဘူး။
အာဆင်နယ်ကပဲ ၂၀၀၃-၀၄ ရှုံးပွဲမရှိ ရွှေဖလား အပြီး ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ကို ပြန်သိမ်းပိုက်နိုင်မလား။ ဒါမှမဟုတ် မန်စီးတီးကပဲ ဂွာဒီယိုလာလက်အောက် ၅ကြိမ်မြောက်အဖြစ် ပြန်လည်ရယူနိုင်မှာလား။
သူတို့နှစ်သင်းကြားက အခြေအနေတွေနဲ့ အလားအလာတွေ အပေါ် ဒေးလီးမေးလ် သတင်းဌာနရဲ့ သုံးသပ်ချက်တွေ ဖော်ပြပေးလိုက်ပါတယ်။

လက်ကျန် ပွဲစဉ်များ
အာဆင်နယ်ဟာ လီဗာပူး၊ မန်စီးတီး၊ ဝက်စ်ဟမ်း၊ နယူးကာဆယ်တို့နဲ့ အဝေးကွင်း ပွဲတွေ ရှိနေပြီး ချယ်ဆီး၊ ဘရိုက်တန် တို့ကို အိမ်ကွင်းမှာ ကစားရမှာပါ။ သူတို့ရဲ့ စိတ်ဓာတ်ခိုင်မာမှုကို နောက်ထပ် စမ်းသပ်မယ့် အရာ ဖြစ်ပါတယ်။ သူတို့ဟာ ၂၀၁၂ နောက်ပိုင်း အန်ဖီးမှာ လိဂ်တစ်ပွဲမှ အနိုင်မရခဲ့ပါဘူး။ အီတီဟက်ကလဲ ခြောက်ခြားဖွယ် နေရာတစ်ခုပါ။ မနှစ်က နယူးကာဆယ်ရဲ့ စိန့်ဂျိမ်းပက်ခ်မှာ ရှုံးနိမ့်ခဲ့ လို့ သူတို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲခဲ့ဖူးပါတယ်။
ဒီလို ထိပ်တန်း ပြိုင်ဘက်တွေကို အာဆင်နယ် နှိမ်နင်းရမှာ ဖြစ်ပေမယ့် စိတ်ပိုင်း ဆိုင်ရာ အခက်အခဲတွေကို ကျော်လွှား ရတာက ဒီရာသီမှာ အလေ့အကျင့်တစ်ခု ဖြစ်လာပါတယ်။ သူတို့ဟာ ပထမဆုံးအကြိမ်အဖြစ် စပါးရဲ့ ကွင်းသစ်မှာ အနိုင်ရခဲ့တယ်၊ နောက်ဆုံးလိဂ်၁၄ပွဲမှာ တစ်ခါပဲ အနိုင်ရဖူးတဲ့ လီဗာပူးကို ကျော်ဖြတ်နိုင်ခဲ့တယ်၊ ဘရန့်ဖို့ဒ်နဲ့ ပဲလေ့စ်တို့ကို လက်စားချေနိုင်ခဲ့ပါတယ်။ ဒီအတိုင်း သူတို့ ဆက်လုပ်သွားရမှာပါ။
မန်စီးတီးရဲ့ အကြီးမားဆုံး ပြဿနာက နောက်၈ပတ်အတွင်း ကစားရမယ့် ပွဲ အရေအတွက် ဖြစ်ပါတယ်။ လိဂ် ၁၁ပွဲထဲက ဘရိုက်တန်၊ ဝက်စ်ဟမ်းတို့နဲ့ ကစားရမယ့် အချိန်ဇယားက မထွက်သေးပါဘူး။ ရှက်ဖီးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲလဲ ရှိနေပြီး ချန်ပိယံလိဂ် ကွာတားပြီးရင် ဆီမီးဖိုင်နယ် ၂ကျော့ ကစားရမယ့် အလားအလာလဲ ရှိနေတာပါ။
ပြိုင်ပွဲသုံးခု ကန်နေရတာက စီးတီးအတွက် အားနည်းချက်ဖြစ်ပြီး အာဆင်နယ် ကတော့ ပရီးမီးယားလိဂ်တစ်ခုထဲပဲ အာရုံစိုက်ရတာပါ။ သူတို့ရဲ့ ပွဲစဉ်တွေထဲမှာ အခက်ခဲဆုံး ၃ပွဲက အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး စီးတီးဟာ ဒီရာသီ အိမ်ကွင်းမှာ တစ်ဂိုးနဲ့အထက် မသွင်းနိုင်ခဲ့တာ ၃ပွဲပဲ ရှိပါတယ်။ အဓိက အတားအဆီးကတော့ ခြေစွမ်းပြနေတဲ့ ဘရိုက်တန်နဲ့ အဝေးကွင်းပွဲဖြစ်ပြီး မေလ ပထမပတ်ထဲ ကစားရနိုင်ပါတယ်။

ဒဏ်ရာပြဿနာ
အာဆင်နယ်မှာ တစ်သင်းလုံး ကစားနိုင်နေလို့ ကံကောင်းတယ်ဆိုပြီး အဲရစ် တန်ဟက်က ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ အာတီတာထက် ပွဲထွက် လူစာရင်းအပြောင်းအလဲ ပိုနည်းပြီး လုပ်ထားတဲ့နည်းပြ မရှိပါဘူး။ လိဂ် ၂၁ပွဲအတွင်း အာတီတာလုပ်ထားတဲ့ အပြောင်းအလဲ ၁၄ ခု ဟာ ၂၀၀၈-၀၉ ရာသီနောက်ပိုင်း ပရီးမီးယားလိဂ် နည်းပြတွေထဲ အနည်းဆုံးအရေအတွက် ဖြစ်ပါတယ်။
သူတို့မှာ စမစ်ရိုး၊ ဂျေးဆု၊ ပါတေး၊ ဇင်ချန်ကို၊ အန်ကီတီရာတို့ ဒဏ်ရာရခဲ့ပြီး ၁လခွဲကနေ ၄လအထိ အနား ယူခဲ့ရပေမယ့် အာဆင်နယ်က ဒါကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တာပါ။ ဒါပေမယ့် အခု ဆလီဘာမှာ နောက်ကျော ဒဏ်ရာ ရှိနေပါတယ်။ တိုမီယာဆုကလဲ ပြင်းထန် ဒူးဒဏ်ရာ ရသွားတာကြောင့် ညာ နောက်ခံလူအဖြစ် ဘန်ဝှိုက်ပဲ ရှိပါတော့တယ်။
စီးတီးမှာ ဂျွန်စတုန်း၊ ရူဘင်ဒီယက်စ်၊ ဝေါ်ကာ၊ လာပေါ်တေးနဲ့ ဖိုဒန်တို့အားလုံး လွဲချော်ခဲ့ဖူးပြီး ခံစစ်မှာ တခါတလေ ပြဿနာရှိနေပေမယ့် သူတို့မှာ ဘာဒဏ်ရာမှ မရှိပါဘူး။ ဂွာဒီယိုလာဟာ ဒီကစားသမားတွေအားလုံး ကြံ့ခိုင်မှုရှိဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ သူက လူအင်အား နည်းနည်းလေးကိုပဲ သုံးနေရလို့ပါ။ စီးတီးဟာ ဂိုးသမား မပါ စီနီယာ ကစားသမား ၁၆ယောက်သာ ရှိနေပါတယ်။
ကံကောင်းမှု
အာဆင်နယ် ကံကောင်းတယ်လို့ ပြောပြီဆိုရင် ပရိသတ်တွေဟာ VAR က မှားပေးလိုက်တဲ့ အိုင်ဗန်တိုနေးရဲ့ ဘရန့်ဖို့ဒ် အတွက် ချေပဂိုး၊ VARကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ ပယ်ဖျက်ခံလိုက်ရတဲ့ မာတီနယ်လီရဲ့ ဂိုးကို ထောက်ပြ ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ နစ်နာတာထက် ကံကောင်းသွားတဲ့ ဖြစ်ရပ်က ပိုများပါတယ်။
သူတို့ ယူနိုက်တက်နဲ့ကစားရတော့ ကာဆီမီရို ပွဲပယ်ဖြစ်နေပါတယ်။ ဖူလ်ဟမ်နဲ့ ကစားရတော့လဲ ပေါ်လင်ညာ လွဲချော်ခဲ့ပါတယ်။ လက်စတာနဲ့ပွဲမှာလဲ မတ်ဒီဆင် မပါလာခဲ့ပါဘူး။
ဇန်နဝါရီတုန်းက အိုးလ်ထရက်ဖို့ဒ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ အငြင်းပွားဖွယ် ချေပဂိုးက စီးတီးရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးသွားမလား။ ရက်ဖို့ဒ် လူကျွံကျွံ မကျွံကျွံ၊ အဲ့ဒါက စီးတီးအတွက် မချိတင်ကဲ ဖြစ်သွားရတဲ့ အခိုက်အတန့်တစ်ခုပါ။
ဒါပေမယ့် မနှစ်က အဲဗာတန်နဲ့ပွဲမှာ ရိုဒရီရဲ့ လက်ထိဘောကို ပင်နယ်တီမပေးလို့ စီးတီး ၃မှတ်ရသွားတာက ဖလား အတွက် အဆုံးအဖြတ်ဖြစ်သွားတာကို လီဗာပူး ပရိသတ်တွေ သတိရနေမှာပါ။ စီးတီးဟာ လီဗာပူးထက် တစ်မှတ် အသာနဲ့ပဲ ဖလားရသွားတာ ဖြစ်ပါတယ်။ စပါးနဲ့ပွဲမှာလဲ ၂ဂိုးပေးထားရတာကနေ နောက်က လိုက်ကစားပြီး ၄-၂ နဲ့ အနိုင်ရခဲ့တာပါ။ ဒီလထဲမှာ နယူးကာဆယ်ကို ၂-၀ နဲ့ အနိုင် ရခဲ့တာကလဲ အလားတူ သုံးသပ်ချက်ကို ရရှိစေခဲ့တာပါ။
အတွေ့အကြုံ

အခုကတော့ ဂျေးဆုနဲ့ ဇင်ချန်ကို တို့ကို ခေါ်ထားရတဲ့အကြောင်း အဖြေပေးမယ့် အချိန်ရောက်လာပါပြီ။ သူတို့ဟာ အရေးကြီးတဲ့ အတွေ့အကြုံတွေ ယူလာပေးတာပါ။ အာဆင်နယ်ကစားသမားတချို့ဟာ အလယ် အလတ်တန်း အသင်းရဲ့ စိတ်ဓာတ်မျိုး ရှိခဲ့တယ်လို့ ရမ်စ်ဒေး ဝန်ခံခဲ့ဖူးပါတယ်။
ဂျေးဆုနဲ့ ဇင်ချန်ကိုတို့က သူတို့ရဲ့ အဆင့်အတန်းကို တိုးတက်လာစေခဲ့တာဖြစ်ပြီး ချန်ပီယံတွေရဲ့ အတွေ့အကြုံနဲ့ အလေ့အထတွေကို ကူးစက်စေခဲ့တပါ။ သူတို့က အသင်းရဲ့ စိတ်ဓာတ်ကို ပြောင်းလဲစေခဲ့ပါတယ်။ ရာသီကုန်ခါနီး ဖိအားတွေများလာတဲ့အချိန်မှာ အတွေ့အကြုံ ရှိတာနဲ့ မရှိတာရဲ့ ကွာခြားချက်ကို ကောင်းကောင်းတွေ့ရပါလိမ့်မယ်။
ဒီနေရာမှာတော့ စီးတီးက သာပါတယ်။သူတို့ဟာ တစ်ပွဲကျန်နဲ့ ၈မှတ် လျော့နေ ပေမယ့်လဲ အလန့်တကြား မဖြစ်သွားဘဲ တိတ်ဆိတ်ငြိမ်သက်တဲ့ ယုံကြည်မှုနဲ့ ကြံ့ကြံ့ခံနေရမှာပါ။ ဆက်တိုက်နိုင်ပွဲအရှည်ကြီး ရယူဖို့က သူတို့ အတွက် မခက်ပါဘူး။
မနှစ်က နိုဝင်ဘာကနေ ဇန်နဝါရီလလယ်အထိ ၁၂ပွဲဆက် နိုင်ပွဲဟာ သူတို့အတွက် လီဗာပူးရဲ့ဖလားစိန်ခေါ်မှုကို အမီလိုက်နိုင်စေခဲ့တာပါ။ ၂၀၁၈-၁၉ တုန်းကလဲ သူတို့ဟာ နောက်ဆုံး ၁၄ပွဲလုံးကို အနိုင်ယူပြီး တစ်မှတ်အသာနဲ့ ဖလား သိမ်းခဲ့ပါတယ်။
အဲ့ဒီတုန်းက ကစားသမားအများစု အခုထိ ရှိနေတုန်းပါ။ သူတို့ဟာ အချိန်ကိုက် အရှိန်အဟုန်ရဖို့ ဘာလိုလဲဆိုတာ သိပါတယ်။ ဒါပေမယ့် ဖောရတ်နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဖြုန်းတီးခဲ့တဲ့ အခွင့်အရေးများစွာအတွက် သူတို့ဟာ နောက်ဆုံး ၆ပွဲကို ပြန်ပြီးတော့ ဆက်တိုက်အနိုင်ယူထားပါတယ်။ ဒါပေမယ့် အဲ့နေ့တုန်းက ဖောရတ်ကို ဂိုး လက်ဆောင်ပေးခဲ့သလိုမျိုး ထပ် ဖြစ်လို့ မရတော့ဘူးဆိုတာ ဂွာဒီယိုလာ သိထားမှာပါ။
