ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်တဲ့ပွဲမှာ အမှားလုပ်ခဲ့တဲ့ လီဗာပူးအသင်းသား ၃ ဦးကို ဖာဒီနန် ရွေးထုတ်ပြ

ဘာနေဗျူးမှာ ဒုတိယပိုင်းအတွင်း သွင်းဂိုးပေးလိုက်ရခြင်းဟာ ရုန်းကန်နေရတဲ့ လီဗာပူးအသင်းကို စိတ်ဓါတ် ကျဆင်းစေခဲ့ပါတယ်။

ပထမအကျော့မှာ ၅-၂ ဖြင့် အရေးနိမ့်ခဲ့တဲ့ လီဗာပူးအသင်းက သွင်းဂိုးရဖို့ ကြိုးစားပေမယ့် အခွင့်အရေးကြီး ရခဲ့ခြင်းမျိုး နည်းပါးခဲ့တယ်။ ဒါကြောင့်ပဲ နှစ်ကျော့ပေါင်း ၆-၂ ဆိုတဲ့ ရလဒ်နဲ့ ရူံးနိမ့်ကာ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ သွင်းဂိုးနဲ့ ပတ်သက်ပြီး လေ့လာမှု လုပ်ခဲ့ရင်းမှာ ဖာဒီနန်ကပဲ လီဗာပူး အသင်းသား ၃ ဦးရဲ့ အမှားကြောင့်လို့ ထောက်ပြခဲ့တယ်။ အထူးသဖြင့် စက္ကန့်ပိုင်းအတွင်း ဗင်နီးဆီးယက်စ်ကို အကွာအဝေးတစ်ခုထံ ပြေးထွက်ခွင့်ပေးခဲ့တဲ့ ထရန့်ရဲ့ အမှားကို အခုလို ထောက်ပြပါတယ်။

ဖာဒီနန်က ‘ ဘောလုံးက အထောင်တိုက်စစ်မှူးထံ ရောက်နိုင်တာကြောင့် ထရန့်က ခံစစ်ပိုင်းကို အာရုံစိုက်ရမှာပါ။ ကိုယ့်ရဲ့ ဗဟိုခံစစ်မှူး နှစ်ဦး ဒုက္ခမရောက်ရေး ကိုယ့်ရဲ့ ခံစစ်မှူးကို ကိုယ့်ဘာသာ ကာကွယ်ထားပေးရမှာပါ။ ဒီအနေအထားမှာ ဒါကိုပဲ စဉ်းစားထားရပါမယ်။

ဗီနီးဆီးယက်စ်ထံ ဘောလုံးရောက်သွားတာကို ကြည့်လိုက်။ ထရန့်နဲ့က ဘေးချင်းကပ် အခြေအနေကနေ မာကင်လွှတ်ပြီး ၅ ကိုက် အကွာကို ရောက်သွားခဲ့တာပါ။ ဒီလို ကမ္ဘာအဆင့် တိုက်စစ်သမားကို ရင်ဆိုင်ချိန်မှာ တစက္ကန့်တောင် မျက်စိအောက်က အပျောက်ခံလို့ရတာ မဟုတ်ဘူး။

ဘယ်လိုလုပ်ပြီး ၂ စက္ကန့်အတွင်း ၅ ကိုက်အကွာကို ပြေးခွင့်ပြုပြီး ဂိုးတစ်ဂိုး ပေးလိုက်ရတာလဲ?

ထရန့်ကတော့ အဲ့ဂိုးကို ပြန်ကြည့်ပြီး သူကောင်းကောင်းလုပ်သင့်တယ်လို့ တွေးနေတော့မှာပါ။ ဒီလိုအဆင့်မှာ အာရုံပျံ့လွင့်လို့ မရပါဘူး။ ’ လို့ ဖာဒီနန်က မှတ်ချက်ပေးပါတယ်။

ယူနိုက်တက် ခံစစ်မှူးဟောင်း ဖာဒီနန်ကပဲ ရီးရဲလ်မက်ဒရစ် သွင်းယူခဲ့တဲ့ သွင်းဂိုးမှာ ဗန်ဒိုက်နဲ့ ကိုနတေးရဲ့ အမှားလည်း မကင်းဘူးလို့ မြင်ပါတယ်။ ကာမာဗင်ညာက အကွက်မြင်မြင် ပေးပို့တဲ့ ဘောလုံးဟာ ဗင်းနီးဆီးယက်စ်က တစ်ဆင့် ဘန်ဇီမာထံ ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

‘ ဒီကမ္ဘာပေါ်မှာ အကောင်းဆုံး နံပါတ် ၉ သမားနဲ့ အမြင်ကောင်းတဲ့ ကွင်းလယ်လူအတွက် လီဗာပူး ခံစစ်မှူး နှစ်ဦးကြား နေရာလွတ်က ဟလွန်းနေပါတယ်။ ဘာလို့များ ဒီခံစစ်မှူးထဲက တစ်ဦးက ဘန်ဇီမာကို ဖိနှိပ်ဖို့ ကြိုးစားပြီး တစ်ဦးက အခြားတစ်ဦးကို ကာဗာပေးဖို့ မလုပ်သလဲ အံ့ဩမိပါတယ် ’ လို့ ဆက်ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဒီရှုံးပွဲကြောင့်ပဲ လီဗာပူးအသင်းဟာ ဒီရာသီမှာ ဖလားလက်မဲ့ ဘောလုံးရာသီ တစ်ခုကို ကျော်ဖြတ်ရတော့မှာပဲ ဖြစ်ပါတယ်။