ဒီရာသီ အာဆင်နယ်တို့ ပရီးမီးယားလိဂ်ဖလား အောင်မြင်နိုင်တဲ့ အကြောင်းရင်း (၆) ချက်

တောင့်တင်းတဲ့ ခံစစ်

နာမည်ကျော် ပရီးမီးယားလိဂ် နည်းပြဟောင်းကြီး ဆာအဲလက်စ် ဖာဂူဆန်က တိုက်စစ်ဟာ ပွဲတွေကို အနိုင်ယူပေးပြီး ခံစစ်က မင်းကို ဖလားယူပေးလိမ့်မယ်လို့ ပြောခဲ့ဖူးပါတယ်။

အာဆင်ဝင်းဂါးရဲ့ နောက်ဆုံးနှစ်အနည်းငယ်နဲ့ အမ်မရီလက်ထက်မှာ အာဆင်နယ်ရဲ့ အကြီးမားဆုံး အားနည်းချက်က ယိုပေါက်တွေနဲ့ ခံစစ် ဖြစ်ခဲ့ပေမယ့် အာတီတာက အဲ့ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါတယ်။

ဖလားအောင်မြင်တဲ့ အသင်းတိုင်းမှာ ရလဒ်ကောင်းတွေအတွက် အခြေခံ အထောက်အပံ့အနေနဲ့ တောင့်တင်းတဲ့ခံစစ်ကို လိုအပ်ပြီး အာဆင်နယ်ရဲ့ နောက်တန်း ၅ ယောက်ဟာ အကောင်းဆုံး အလုပ်လုပ်နေတာ ဖြစ်ပါတယ်။

အိမ်ကွင်းခြေစွမ်း

၂၀၀၆ မှ ဟိုက်ဘူရီကနေ အမ်းမရိတ်စ်ကွင်းကို ပြောင်းလာပြီးနောက်ပိုင်း အာဆင်နယ်ပရိသတ်တွေရဲ့ ပွဲအပေါ် လွှမ်းမိုးနိင်စွမ်း ကင်းမဲ့ခြင်းဟာ ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမယ့် အာတီတာ လက်ထက် အမ်းမရိတ်စ်ကွင်းဟာ အရင်တုန်းက ကြောက်မက်ဖွယ်ရာခံတပ် ဟိုက်ဘူရီလိုမျိုး ပြန်လည် မြင်တွေ့ခဲ့ရပါတယ်။

ဂန်းနားတွေဟာ ဒီရာသီ လိဂ်အိမ်ကွင်း ၁၄ ပွဲမှာ ၁၁ ပွဲနိုင်၊ ၂ ပွဲသရေကျခဲ့ပြီး ၄၂ မှတ်ထဲက ၃၅မှတ် ရယူခဲ့ပါတယ်။ အဲ့ထဲမှာ စပါး၊ လီဗာပူးနဲ့ ယူနိုက်တက်တို့ကို အနိုင်ရခဲ့ပြီး အမ်းမရိတ်စ်ဟာ လာကစားရ ခက်ခဲတဲ့နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

စိတ်ဓာတ်ကြံ့ခိုင်မှု

အရင်နှစ်တွေအတွင်း အာဆင်နယ်ရဲ့ အကြီးမားဆုံး ဝေဖန်ခံရမှုတစ်ခုက စိတ်ဓာတ်ခိုင်မာမှု ကင်းမဲ့ခြင်းဖြစ်ပြီး ရာသီနှောင်းပိုင်း ယိမ်းယိုင်မှုတွေကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာ နစ်နာခဲ့ရပါတယ်။ ဒီရာသီမှာတော့ အသစ်မွေးဖွားလာတဲ့ စိတ်ဓာတ်ခံနိုင်ရည်ကို မြင်တွေ့ခဲ့ရပါတယ်။

ကစားသမားတွေက တကယ့် ကြံ့ကြံ့ခံနိုင်ရည်နဲ့ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်ကို ပြသခဲ့ကြပါတယ်။ မန်စီးတီးနဲ့ ဖလားတွေ အောင်မြင်ခဲ့တဲ့ ဂျေးဆုနဲ့ ဇင်ချန်ကိုတို့ဟာ အဝတ်လဲခန်းအတွင်း ကြီးမားတဲ့ သက်ရောက်မှုဖြစ်စေခဲ့ပြီး အသင်းရဲ့စိတ်ဓာတ်ကို ကူညီပြောင်းလဲပေးခဲ့တာပါ။

အိုဒီဂတ်နဲ့ ဆာကာရဲ့ တောက်ပမှု

ဒီရာသီ ဆာကာရဲ့ တိုက်စစ်ပိုင်း ထူးချွန်မှုအပြင် အိုဒီဂတ်ရဲ့ ဦးဆောင်နိုင်စွမ်းက အာဆင်နယ်ကို တိုးတက်လာစေခဲ့ပါတယ်။ ဆာကာဟာ PFA ရဲ့ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုရဖို့ ရေပန်းစားနေပြီး အိုဒီဂတ်ကလည်း အဓိကဆုကို ရရှိဖို့ တစ်ပေးခံထားရပါတယ်။

ချန်ပီယံလိဂ် မကစားရခြင်း

မနှစ်က ချန်ပီယံလိဂ်နဲ့ လွဲရလို့ စိတ်ပျက်ခဲ့ရပေမယ့် ဒီရာသီမှာတော့ အဲ့ဒါက အားသာချက် ဖြစ်လာနိုင်ခဲ့ပါတယ်။ မန်စီးတီးနဲ့မတူပဲ အာဆင်နယ်ဟာ နောက်လအနည်းငယ်အတွင်း တောင်းဆိုမှုမြင့်မားတဲ့ ဥရောပပွဲပွဲတွေ မကစားရဘဲ ပြည်တွင်းမှာပဲ အာရုံစိုက်ထားလို့ရပါတယ်။

စီးတီးဟာ သူတို့လိုအပ်နေတဲ့ နောက်ဆုံးကွက်လပ်ဖြစ်တဲ့ ဥရောပဖလားရဖို့ အသည်းအသန် ဖြစ်နေတာ သိသာပါတယ်။ ဂွာဒီယိုလာက ချန်ပီယံလိဂ်ကို ဦးစားပေး ကြိုးစားမှာဖြစ်လို့ ပရီးမီးယားလိဂ် ဖလားပြိုင်ပွဲမှာ အားလျော့သွားနိုင်ပါတယ်။ ဒါက အာဆင်နယ်အတွက် အခွင့်အရေး ဖြစ်လာပါလိမ့်မယ်။

ဂျေးဆုပြန်လာပြီး အသင်းရဲ့ လန်းဆန်းတက်ကြွမှု

ကမ္ဘာ့ဖလားအတွင်း ဂျေးဆုရဲ့ ဒဏ်ရာက အာဆင်နယ်ရဲ့ ဖလားမျှော်လင့်ချက်မှာ ဆိုးရွားတဲ့ ထိုးနှက်မှုအဖြစ် မြင်ခဲ့ပေမယ့် အာတီတာက ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကမ္ဘာ့ဖလားမတိုင်ခင် လိဂ်၁၄ပွဲမှာ ၅ဂိုးသွင်း ၆ဂိုး ဖန်တီးခဲ့တဲ့ ဂျေးဆုလို ကစားသမားတစ်ယောက်ကို ဘယ်အသင်းကမှ မလွမ်းပဲ မနေပါဘူး။ ဒဏ်ရာကနေ သူပြန်လာခြင်းက အသင်းအတွက် ကစားသမားအသစ်ရသလို ဖြစ်စေပြီး ယုံကြည်မှုတွေ မြင့်တက်လာစေမှာပါ။